Guy Bryant (ဂိုင်းဘရိုင်ယန်)သည် တစ်ကိုယ်ရေတစ်ကာယသမားဖြစ်ပြီး ကိုယ်ပိုင်ကလေး မရှိပါ။ အမေရိကန်နိုင်ငံ၊ နယူးယော့မြို့တော်၏ ကလေးစောင့်ရှောက်ရေးဌာန၌ သူအလုပ်လုပ်သည်။ နေ့စဥ်နေ့တိုင်းတွင် ကလေးမွေးစား စောင့်ရှောက်ပေးနိုင်မည့်သူများ အလွန်အမင်းလိုအပ်နေမှုကို ကြုံတွေ့ရ၍ တစ်စုံတစ်ရာပြုလုပ်ရန် သူဆုံးဖြတ်လိုက်သည်။ ဆယ်စုနှစ်တစ်ခုကျော်မျှ ကလေး (၅၀)ခန့်ကို သူမွေးစားခဲ့ပြီး၊ တစ်ကြိမ်တွင် ကလေး (၉)ယောက်ကို တစ်ပြိုင်တည်း ပြုစုစောင့်ရှောက်ခဲ့ရသည်။ “လှည့်ကြည့်လိုက်တိုင်း နေစရာလိုအပ်နေတဲ့ ကလေးတစ်ယောက်ကို အမြဲတွေ့တယ်။ သင့်ရဲ့နှလုံးသားနဲ့ သင့်အိမ်မှာ နေရာလေးပေးချင်တယ်ဆိုရင် သိပ်မစဥ်းစားနဲ့။ ပေးလိုက်ပါ။ လုပ်လိုက်ပါ”ဟု သူကရှင်းပြပြောပြသည်။ မွေးစားခံရပြီး အရွယ်ရောက်သွားကြသည့် ကလေးများ သူ့ဘဝနှင့်သူဖြစ်သွားသည့်တိုင် သူတို့၌ ဘရိုင်ယန်၏အိမ်သော့ ရှိနေဆဲဖြစ်သည်။ မကြာခဏဆိုသလို တနင်္ဂနွေနေ့များတွင် သူနှင့်နေ့လည်စာစားရန် သူတို့ပြန်လာကြသည်။ ဘရိုင်ယန်သည် ကလေးများစွာတို့အား ဖခင်မေတ္တာကို ပြသခဲ့သည်။
ဘုရားသခင်သည် မေ့လျော့ခံရသူများ၊ အပယ်ခံရသူများကို လိုက်လံရှာဖွေကြောင်း သမ္မာကျမ်းစာမှ ဖော်ပြထားသည်။ ယုံကြည်သူအချို့တို့အနေဖြင့် ၎င်းတို့ကိုယ်ကို ဤဘဝ၌ ဆင်းရဲချို့တဲ့ပြီး ခံနိုင်ရည် အကွယ်အကာမဲ့သူများအဖြစ် ရှုမြင်ကြသော်လည်း ဘုရားရှင်က ၎င်းတို့နှင့်အတူရှိမည်ဟု ကတိပေးထားသည်။ “ဘုရားသခင်သည် … မိဘမရှိသောသူ၏အဘ ဖြစ်(တော်မူ၏)” (ဆာ ၆၈:၅)။ လျစ်လျူရှုခံရခြင်း (သို့) အဖြစ်ဆိုးများကြောင့် ကျွန်ုပ်တို့အထီးကျန်ခံစားရပါက ဘုရားသခင်ရှိပါသည်။ ကျွန်ုပ်တို့ထံ ကမ်းလှမ်းလျက်၊ သူ့အနီးသို့ဆွဲခေါ်လျက်၊ မျှော်လင့်ခြင်းကိုပေးလျက် ကိုယ်တော်ရှိနေပါသည်။ အမှန်ပင် “ဘုရားသခင်သည် ပေါက်ဖော်မရှိသောသူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၏”(:၆)။
မိသားစုအခက်အခဲ မည်သို့ရှိရှိ၊ မည်မျှပင် တသီးတခြားဖြစ်ဖြစ်၊ မည်သို့ပင် စွန့်ပယ်ခံရသည်ဖြစ်စေ၊ မိမိ၏ဆက်ဆံရေးပိုင်းကဏ္ဍတစ်ခုခု မည်မျှပင် ပျက်စီးသည်ဖြစ်စေ၊ ကျွန်ုပ်တို့သည် ချစ်မြတ်နိုးခံရသူများဖြစ်သည်။ ဘုရားရှင်အားဖြင့် ကျွန်ုပ်တို့သည် ဘယ်သောအခါမှမိဘမဲ့မဖြစ်တော့ပါ။