“ဒီအကြောင်းကို ဘာလို့မတွေးဘဲ မနေနိုင်တာလဲ”ဟု ဝမ်းနည်းမှု၊ အပြစ်ရှိသည်ဟုခံစားရမှု၊ ဒေါသစိတ်၊ နားမလည်နိုင်မှုများနှင့် ခံစားချက်က ရှုပ်ထွေးနေသည်။
လွန်ခဲ့သောနှစ်များစွာက နက်နဲပြီးနာကျင်ခံစားခဲ့ရသည့် အပြုအမူကို ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း အရေးမထားဘဲ ငြင်းပယ်ခံရသည့် နောက်တွင် ကျွန်မနှင့်ရင်းနှီးသူတစ်ဦးနှင့် အဆက်အသွယ်ဖြတ်ရန် နာကျင်စွာ ဆုံးဖြတ်ခဲ့သည်။ ယနေ့တွင် သူမသည် မြို့သို့ပြန်ရောက်နေသည်ဟု ကြားပြီးနောက် ကျွန်မ၏ အတွေး၌ အတိတ်မှအဖြစ်အပျက်အဟောင်းများ ပြန်လည်အသစ်ဖြစ်လာသည်။
အတွေးများ တည်ငြိမ်ရန် ကျွန်မရုန်းကန်လျက်ရှိစဥ် ရေဒီယိုမှ သီချင်းတစ်ပုဒ်ကြားလိုက်ရသည်။ ထိုသီချင်းက သစ္စာဖောက်မှုအတွက် နာကျင်ခံစားရမှုကို ဖော်ကျူးထားသည်သာမက သစ္စာဖောက်သူ၌ ပြောင်းလဲမှုဖြစ်ပေါ်ပြီး၊ နာကျင်မှုပျောက်ကင်းပါစေဟု အလေးအနက် တောင့်တမှုကိုလည်း ဖော်ပြထားသည်။ ငြိမ့်ညောင်းသောအချစ်အလွမ်းသီချင်းက ကျွန်မ၏အနက်ရှိုင်းဆုံး တမ်းတမှုဆန္ဒစိတ်ကို ထင်ဟပ်နေသဖြင့် ခံစားရကာ ငိုမိပါသည်။
“မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့” ဟု ရှင်ပေါလုက ရောမသြဝါဒစာ ၁၂:၉ တွင် ရေးသားထားပြီး၊ မေတ္တာသည် လျို့ဝှက်ခြင်းကင်းမှသာ စစ်မှန်မည်ဖြစ်ကြောင်း သတိပေးနေသည်။ ကျွန်မတို့နှလုံးသား၏ အလေးနက်ဆုံးတမ်းတမှုသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကိုသိရန် ဖြစ်သည့်တိုင် ထိုမေတ္တာမျိုးသည် မိမိအလိုကိုသာဖြည့်ဆည်းခြင်း၊ သူတစ်ပါးကို ကြိုးကိုင်ခြယ်လှယ်ခြင်းမျိုးမဟုတ်ပဲ၊ သနားကရုဏာထားပြီး မိမိကိုယ်ကိုအနစ်နာခံခြင်းဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် တစ်စုံတစ်ရာကို ထိန်းချုပ်နိုင်ရေး၌ လိုအပ်သည့် စိုးကြောက်စိတ်၏တွန်းအား မဟုတ်ဘဲ၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကောင်းစားရေးအတွက် ဝမ်းမြောက်စွာ ပေးဆပ်ဝန်ခံလုပ်ဆောင်မှုမျိုးဖြစ်သည် (:၁၀-၁၃)။
ဤသည်မှာ ဧဝံဂေလိသတင်းကောင်း ဖြစ်သည်။ သခင်ယေရှုအားဖြင့်သာ အဆုံးတွင် ကျွန်ုပ်တို့ကို ဘယ်သောအခါမှ မထိခိုက်မနစ်နာစေသော (၁၃:၁၀)၊ ကျွန်ုပ်တို့ ယုံကြည်စိတ်ချရသောမေတ္တာကို သိရှိပြီး ဝေမျှနိုင်သည်။ ကိုယ်တော်၏ ချစ်မေတ္တာ၌ ရှင်သန်ခြင်းသည် လွတ်မြောက်ခြင်းပင်ဖြစ်သည်။