အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်ရှိ မိခင်တစ်ဦးသည် သူမ၏ကလေးငယ်ကို ကာကွယ်ရန် မည်သည့်အရာကိုမဆို လုပ်နိုင်ကြောင်း သက်သေပြခဲ့သည်။ သူမ၏ (၅)နှစ်အရွယ် သားလေးသည် အိမ်အပြင်၌ကစားနေစဉ် ကလေးငယ်၏ ကျယ်လောင်စွာအော်ဟစ်သံကို သူမ ကြားလိုက်ရ၍ အိမ်အပြင်သို့ အလျင်အမြန် ထွက်ကြည့်ရာ၊ သားလေး၏ မထင်မှတ်ထားသည့် “ကစားဖော်”မှာ ခြင်္သေ့တစ်ကောင် ဖြစ်နေသဖြင့် သူမ အလွန်ထိတ်လန့်သွားသည်။ ခြင်္သေ့ကြီးသည် ကလေးအပေါ်သို့ ရောက်နေပြီး ကလေး၏ခေါင်းမှာ ခြင်္သေ့၏ပါးစပ်အတွင်းသို့ ရောက်နေသည်။ ထိုအခါ မိခင်ဖြစ်သူသည် ဝံမကြီးကဲ့သို့ သူ့အတွင်းမှ ရှိသမျှအားအင်ကို စုစည်းကာ ခြင်္သေ့၏ပါးစပ်ကို ခက်ခက်ခဲခဲ ဆွဲဖြဲကာ သားကိုကယ်ရန် ကြိုးစားသည်။ ထိုမိခင်၏ သူရဲကောင်းဆန်သောလုပ်ရပ်သည် နှုတ်ကပတ်တော်၌ ဖော်ပြပါရှိသည့် ဘုရား သခင်သည် မိခင်တစ်ဦးကဲ့သို့ပင် သူ၏သားသမီးများပေါ် ခိုင်မြဲသော ချစ်ခြင်းမေတ္တာရှိပြီး ကာကွယ်ပေးနေကြောင်း ကျွန်ုပ်တို့အား သတိပေးအမှတ်ရစေသည်။

မိခင်လင်းယုန်က သားပေါက်ကလေးများကို ဂရုစိုက်သကဲ့သို့ ဘုရားရှင်သည် သူ၏သားသမီးများကို ကြင်နာစွာ ဂရုပြုစောင်မကာ နှစ်သိမ့်သည် (တရား ၃၂:၁၀-၁၁၊ ဟေရှာ ၆၆:၁၃)။ မိခင်တစ်ဦးက သူမ ပြုစုစောင့်ရှောက်ခဲ့သော ကလေးငယ်ကို ဖြတ်တောက်၍မရသော နှောင်ကြိုးများဖြင့် ချည်နှောင်လျက် ဘယ်သောအခါမှ မမေ့နိုင်သကဲ့သို့၊ ထာဝရဘုရားသည်လည်း သူ့သားသမီးများကို ဘယ်သောအခါမှ မမေ့၊ ကရုဏာတရားကို ထာဝရ ချုပ်တည်းထားခြင်း မရှိပါ (ဟေရှာ ၅၄:၇-၈)။ မိခင်ငှက်မကြီးက ငှက်ပေါက်လေးများကို အတောင်ပံအောက်၌ လွှမ်းခြုံကာကွယ်ပေးသကဲ့သို့ ဘုရားသခင်သည်လည်း သူ၏သားသမီးများကို “အတောင်တော်အမွေးနှင့်ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ (သူတို့ကို)လုံခြုံစွာနေ(စေ သည်)။ သစ္စာတော်သည် (သူတို့)၏ဒိုင်းလွှား” ဖြစ်စေလိမ့်မည် (ဆာ ၉၁:၄)။

တစ်ခါတစ်ရံတွင် အထီးကျန်ခြင်းနှင့် မေ့လျော့ခံရခြင်းကို ကျွန်ုပ်တို့ ခံစားရပြီး ဝိညာဉ်ရေးရာ သားရဲတို့၏ထောင်ချောက်တွင် ပိတ်မိနေတတ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကြင်နာစွာ ဂရုစိုက်လျက်၊ နှစ်သိမ့်မှုပေးပြီး တိုက်ပွဲဝင်ပေးနေကြောင်း အမြဲသတိရနေစေရန် ကိုယ်တော် မစတော်မူပါ။