ကျောင်းစားသောက်ဆိုင်များသည် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများကဲ့သို့ စားစရာများ မည်မျှလိုအပ်မည်ကို မခန့်မှန်းနိုင်သဖြင့် အစားအသောက်ကို လိုအပ်သည်ထက် ပိုပြင်ဆင်ထားလေ့ရှိသဖြင့် အစားအသောက်အကျန်များသည် အလကားဖြစ်ရသည်။ တစ်ချိန်တည်းမှာပင် အိမ်၌စားစရာလောက်ငစွာ မရှိသဖြင့် ပိတ်ရက်များတွင် ဆာလောင်နေသည့် ကျောင်းသားများရှိနေသည်။ အမေရိကန်နိုင်ငံရှိ ခရိုင်တစ်ခုမှ ကျောင်းတစ်ကျောင်းသည် ဒေသတွင်းရှိ လူမှုရေးအဖွဲ့အစည်းတစ်ခုနှင့် လက်တွဲကာ ဤပြဿနာအတွက် အဖြေရှာခဲ့သည်။ ၎င်းတို့သည် အစားအသောက်အကျန်များကို ထုပ်ပိုးပြီး ကျောင်းသားများအား ပေးလိုက်ခြင်းဖြင့် အစားအသောက်များ အလဟဿဖြစ်ခြင်းနှင့် ငတ်မွတ်သည့်ပြဿနာကို တစ်ပြိုင်နက်တည်းတွင် ဖြေရှင်းလိုက်နိုင်သည်။

ငွေကြေးပိုလျှံနေခြင်းသည် စားစရာများ ပိုလျှံနေခြင်းကဲ့သို့ ပြဿနာတစ်ရပ်ဖြစ်သည်ဟု လူအများက မယူဆကြသော်လည်း၊ ထိုကျောင်း၏လုပ်ဆောင်မှု၏ နောက်ခံ အခြေခံသဘောတရားသည် တမန်တော်ရှင်ပေါလုက ကောရိန္သုအသင်းတော်ထံသို့ ပေးပို့သောစာတွင် ဖော်ပြသကဲ့သို့ပင် ဖြစ်သည်။ မာကေဒေါနိရှိ အသင်းတော်များသည် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်းကို ရှင်ပေါလုသိသဖြင့် ကောရိန္သုရှိအသင်းတော်အား ၎င်းတို့၏စည်းစိမ်ဖြင့် လိုအပ်နေသူများအား မစရန် ပြောကြားသည် (၂ ကော ၈:၁၄)။ သူ၏ရည်ရွယ်ချက်မှာ အသင်းတော်များကြားတွင် တန်းတူညီမျှမှုကို ဆောင်ကြဥ်းပေးပြီး အခြားသူများ ဒုက္ခရောက်နေချိန်တွင် မည်သူ့ထံတွင်မှ အလွန်ပိုလျှံနေခြင်းမျိုး မရှိစေရန် ဖြစ်သည်။

ရှင်ပေါလုက ကောရိန္သုရှိ ယုံကြည်သူများအား ၎င်းတို့ ပေးလိုက်ရခြင်းကြောင့် ဆင်းရဲသွားစေခြင်း မဟုတ်ဘဲ၊ အတူတကွ မျှဝေလျက် မာကေဒေါနိအသင်းတော်အပေါ် ရက်ရောစေခြင်းဖြင့် ရှေ့အနာဂတ်တစ်ချိန်ချိန်တွင် ၎င်းတို့လည်း ထိုသို့သော အကူအညီမျိုး လိုအပ်လာနိုင်ကြောင်းကို စာနာမိစေသည်။ ကျွန်ုပ်တို့ကိုယ်တိုင်လည်း လိုအပ်နေသူများနှင့် တွေ့သောအခါ မိမိ၌ ဝေမျှစရာ မည်သည့်အရာများရှိသည်ကို ပြန်လည်ဆင်ခြင်ကြပါစို့။ ကျွန်ုပ်တို့၏ဝေမျှခြင်းက နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ဘယ်သောအခါမှ အချည်းနှီးမဖြစ်ပေ။