အခမ်းအနားများ၌ ခင်းကျင်းလေ့ရှိသော တန်ဆာဆင်ထားသည့် လေးနှင့်မြှား ကျည်တောက်ကို အမေရိကန်နိုင်ငံ၊ မီရှီကန်ပြည်နယ်ရှိ ကျွန်ုပ်တို့၏အိမ်နံရံပေါ်တွင် နှစ်ပေါင်းများစွာ ချိတ်ဆွဲထားခဲ့သည်။ ထိုအမှတ်တရပစ္စည်းများကို အာဖရိကတိုက်ရှိ ဂါနာနိုင်ငံတွင် သာသနာပြုအဖြစ် အမှုတော်ဆောင်ခဲ့စဉ်က အဖေရရှိခဲ့ပြီး၊ သူ့ထံမှ ကျွန်ုပ်အမွေရခဲ့ခြင်း ဖြစ်သည်။

တစ်နေ့တွင် ဂါနာလူမျိုး သူငယ်ချင်းတစ်ဦး အိမ်လာလည်ခိုက် ထိုလေးကိုမြင်သောအခါ သူ့မျက်နှာ၌ ထူးဆန်းသောအသွင်အပြင် ဖြစ်သွားသည်။ ထိုလေးတွင် ချည်ထားသော ထူးဆန်းသည့် ပစ္စည်းလေးတစ်ခုကိုညွှန်ပြပြီး “ဒါက အဆောင်တစ်ခုပဲ၊ မှော်မန္တန်ပဲ။ အဲ့မှာ တန်ခိုးအစွမ်း မရှိတာ ငါသိပေမဲ့ ငါသာဆို ငါ့အိမ်မှာ မထားဘူး” ဟုပြောသည်။ ကျွန်ုပ်တို့လည်း လျင်မြန်စွာ ထိုအဆောင်ကို လေးမှဖြတ်ထုတ်ပြီး လွှင့်ပစ်လိုက်သည်။ ထာဝရဘုရားသခင်မှလွဲ၍ အခြားသောအရာများကို ကိုးကွယ်ရန် ရည်ရွယ်သည့် မည်သည့်အရာကိုမျှ ကျွန်ုပ်တို့အိမ်တွင် မရှိစေချင်ပါ။

ယေရုရှလင်မြို့ရှိ ယောရှိမင်းသည် ဘုရားသခင်က သူ၏လူများအပေါ်ထားသော အကြံအစည်တော်များကို မသိဘဲ ကြီးပြင်းလာခဲ့ရသည်။ ကြာရှည်စွာ ပစ်ပယ်ထားသော ဗိမာန်တော်၌ ယဇ်ပရောဟိတ်မင်းက ပဋိညာဉ်ကျမ်းစာကိုပြန်လည်တွေ့ရှိသောအခါ (၄ ရာ ၂၂:၈) ယောရှိမင်းက ထိုအရာကို ကြားနာချင်ခဲ့သည်။ ရုပ်ထုကိုးကွယ်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင် မည်သို့ပြောထားသည်ကို ယောရှိမင်း သိသည်နှင့်တစ်ပြိုင်နက် ယုဒလူမျိုးတို့ ထာဝရဘုရား၏ပညတ်တော်အတိုင်းလိုက်နာစေရေး ကြီးမားသည့်အပြောင်းအလဲကို ပြုလုပ်ခဲ့သည်။ ၎င်းသည် အဆောင်မန္တန်တစ်ခုကို လေးပေါ်မှ ဖယ်ရှားလိုက်ခြင်းထက် သာ၍ကြီးမားပြင်းထန်သော ရုတ်ချည်းပြောင်းလဲမှုပင်ဖြစ်သည် (၂၃:၃-၇)။

ယခုခေတ် ယုံကြည်သူများတွင် ယောရှိမင်းရရှိခဲ့သောအရာထက် များစွာရှိနေသည်။ ကျွန်ုပ်တို့ကို လမ်းပြသွန်သင်မည့် သမ္မာကျမ်းစာရှိသည်။ ကျွန်ုပ်တို့တွင် တစ်ယောက်နှင့်တစ်ယောက်ရှိသည်။ ထို့ပြင် ကျွန်ုပ်တို့ လျစ်လျူရှုမိနိုင်သည့် ကိစ္စအကြီးအသေးတို့၌ လမ်းပြအလင်းပေးမည့် အလွန်အရေးပါသည့် သန့်ရှင်းသော ဝိညာဉ်တော်လည်း ကျွန်ုပ်တို့တွင် ရှိနေသည်။