ကျွန်မစာရေးပေးသည့် မဂ္ဂဇင်းက “အရေးကြီးသည်”ဟု ခံစားရ၍ ရာထူးကြီးစာတည်းထံမှ မှတ်ချက်ကောင်းရရန် အကောင်းဆုံးဆောင်းပါးတစ်ပုဒ်ဖြစ်အောင် ကျွန်မကြိုးစားပြီးရေးခဲ့သည်။ သူမ၏စံနှုန်းကိုမီရန် စိတ်ဖိစီးမှုခံစားရလျက် ကျွန်မ၏ အတွေးနှင့်အကြံဉာဏ်များကို အပြန်ပြန်အလှန်လှန် ချရေးနေခဲ့သည်။ သို့သော် မည်သည်က ပြဿနာဖြစ်နေသနည်း။ ခေါင်းစဥ်က စိန်‌ခေါ်မှုဖြစ်နေ၍လား။ ဒါမှမဟုတ် တစ်ကယ်စိုးရိမ်နေသည်က “တည်းဖြတ်သူက ကျွန်မဆောင်းပါးကိုသာမက ကျွန်မကိုရော သဘောကျ လက်ခံပါ့မလား” ဆိုသည့် မိမိ၏သောကကြောင့်လား။

အလုပ်အကိုင်နှင့်ပတ်သက်ပြီး ကျွန်မတို့၏စိုးရိမ်မှုများအတွက် အဖြေကို ရှင်ပေါလုက စိတ်ချရသောလမ်းညွှန်တစ်ခု ပေးထားသည်။ ကောလောသဲ အသင်းတော်သို့ ရေးပို့သောစာတွင် ရှင်ပေါလုက ယုံကြည်သူများအား လူ၏လက်ခံမှုကိုရရန်အတွက် မဟုတ်ဘဲ ဘုရားသခင်အတွက် လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။ တမန်တော်ကြီးပြောထားသကဲ့သို့ပင် “လူ၏အမှုကိုသာ ဆောင်ရွက်သကဲ့သို့မဟုတ်၊ သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သကဲ့သို့ ပြုလေသမျှတို့၌ စေတနာစိတ်နှင့်ပြုကြလော့။ သင်တို့သည် သခင်ခရစ်တော်၏ အစေကို ခံကြသည်ဖြစ်၍ အမွေတော်တည်းဟူသောအကျိုးကို ထိုသခင်ဘုရား၏လက်တော်မှ ခံရလိမ့်မည်ဟု သိမှတ်ကြလော့” (ကော ၃:၂၃-၂၄)။

ရှင်ပေါလု၏ပညာအမြော်အမြင်ကို ဆင်ခြင်ခြင်းဖြင့် လောကီအကြီးအကဲတို့ မျက်မှောက်တွင်အမြင်လှရန် ကြိုးစားခြင်းကို ရပ်တန့်နိုင်ပါသည်။ သေချာသည်မှာ လူပုဂ္ဂိုလ်အနေဖြင့် အကြီးအကဲတို့ကို ရိုသေပြီး အကောင်းဆုံး ကြိုးစားကြသည်။ သို့သော် ဘုရားရှင်ကို ဦးဆောင်စေပြီး သူ့အတွက်လုပ်ဆောင်သမျှကို ဘိသိတ်ကောင်းချီးပေးရန် တောင်းခံလျက် “ဘုရားသခင်အတွက်” ဟုခံယူလုပ်ဆောင်ပါက ဘုရားရှင်သည် ကျွန်မတို့၏ ကြိုးစားအားထုတ်မှုအပေါ် အလင်းထွန်းပေးလိမ့်မည်။ ကျွန်မတို့အတွက်ရလဒ်အဖြစ် အလုပ်ဝန်ပိခြင်းများမှ သက်သာရာရပြီး လုပ်ဆောင်စရာများလည်း ပြီးမြောက်သွားမည်ဖြစ်သည်။ ထို့အပြင် တစ်နေ့တွင် ဘုရားရှင်ထံမှ “ကောင်းကောင်းလုပ်ခဲ့တာပဲ” ဟုမိန့်မြွက်သံကို ကြားရပါမည်။