၁၃၇၃ ခုနှစ်တွင် အသက် (၃၀)အရွယ် အင်္ဂလန်နိုင်ငံ၊ နော်ဝစ်ချ်မြို့သူ Julian (ဂျူလီယန်)သည် နာမကျန်းဖြစ်ပြီး သေလုနီးပါးဖြစ်ခဲ့သည်။ ဘုန်းတော်ကြီးက သူမအတွက် ဆုတောင်းပေးသောအခါ ရူပါရုံများစွာကို သူမြင်ခဲ့ရပြီး၊ ၎င်းတို့အနက် ယေရူကားစင်တင်သတ်ခံရခြင်းကို သူမ ဆင်ခြင်ခဲ့မိသည်။ အံ့ဩဖွယ်ကောင်းလှစွာ ပြန်လည်ကျန်းမာလာပြီးနောက် သူမသည် ဘုရားကျောင်း၏ဘေးခန်းတွင် တစ်ဦးတည်းနေထိုင်ကာ နောက်အနှစ် (၂၀)ထိတိုင် သူမကြုံတွေ့ခဲ့ရသောအရာများကို ဆင်ခြင်ဆုတောင်းခဲ့သည်။ သူမက “ဘုရားဖော်ပြသော ချစ်ခြင်းမေတ္တာ” ဟုဆို၍ ခရစ်တော်၏စွန့်လွှတ်ပူဇော်မှုသည် ဘုရားသခင်၏မေတ္တာကို အကြီးမြတ်ဆုံး ထင်ရှားဖော်ပြခြင်းဟု ကောက်ချက်ချခဲ့သည်။

ဂျူလီယန်၏ဖွင့်ပြချက်များသည် ထင်ရှားကျော်ကြားသည်။ သို့သော် ဘုရား သခင် သူမအား ဖွင့်ပြသည့်အရာကို အချိန်ပေး အားထုတ်၍ ဆုတောင်းပြီးအဖြေရှာ ခဲ့ရခြင်းကို လူအများသတိမမူမိပါ။ ထိုအနှစ် (၂၀)အတွင်း ဘုရားရှင်၏ ဉာဏ်ပညာနှင့်မစမှုကို တောင်းခံလျက် သူမခံစားရသည့် ဘုရားရှင်တည်ရှိခြင်း အတွေ့အကြုံသည် မည်သည့်အဓိပ္ပာယ်ဖြစ်သည်ကို ပိုင်းခြားသိနိုင်ရန် ရှာဖွေခဲ့သည်။

ဂျူလီယန်၌ ပြုခဲ့သည့်အတိုင်း ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့်၊ငြိမ်သက်ဖြည်းညင်းသောအသံတော်အားဖြင့်၊ ဓမ္မသီချင်းမှ ထပ်ဆိုရန်အပိုဒ်အားဖြင့်၊ သူ၏တည်ရှိနေခြင်းကို သိရှိသတိပြုမိခြင်း စသည်ဖြင့် သူ၏လူများအား သူ့ကိုယ်ကို ကြင်နာစွာ ထင်ရှားပြသခဲ့သည်။ ဤသို့ဖြစ်ပျက်လာသောအခါ ကိုယ်တော်၏ ပညာဉာဏ်နှင့်မစမှုကို ရှာဖွေနိုင်သည်။ ဤကဲ့သို့သော ပညာဉာဏ်ကို လေ့လာလိုက်စားရန် ရှောလမုန်မင်းကြီးက သူ၏သားတော်အား “ငါ့စကားကိုနားခံ၍၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌သွင်း”လျှင် (သု ၂:၂)၊ “ထာဝရဘုရားကို ကြောက်သောသဘော၌ ကျင်လည်၍ ဘုရားသခင်ကို သိသောဉာဏ်နှင့်ပြည့်စုံလိမ့်မည်” (:၅)ဟု ညွှန်ကြားခဲ့သည်။

ဘုရားသခင်က ကျွန်ုပ်တို့အား ပိုင်းခြားသိမြင်နိုင်သော၊ နားလည်နိုင်သောဉာဏ်ကိုပေးမည်ဟု ကတိပေးပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်၏ သဘောလက္ခဏာနှင့် သူ၏နည်းလမ်းများကို ပိုမိုနက်ရှိုင်းစွာ တိုးသိလာသောအခါ သူ့အား တိုး၍ချီးမြှောက်ကာ သူ့အား တိုး၍နားလည်နိုင်မည်ဖြစ်သည်။