အသက် (၇၇)နှစ်အရွယ် အချိန်ပိုင်းအစားထိုးစာသင်ပေးသည့် ဆရာဂျိုစီသည် နှစ်ပေါင်း (၈၀)မျှ ကားထဲ၌ နေထိုင်ခဲ့သူဖြစ်သည်။ ညစဥ်ညတိုင်းတွင် သူ၏ ၁၉၉၇ ထုတ် Ford (ဖို့ဒ်) ကားလေးထဲမှ ဘက်ထရီကို ပုံမှန် စစ်ဆေးသည်။ ထိုဘက်ထရီဖြင့် ကွန်ပြူတာကိုအားသွင်းကာ ညနေပိုင်းအလုပ်ကို လုပ်သည်။ အိမ်ငှားမည့်ငွေကို သူ့ထက်ပို၍လိုအပ်သည့် မက်ဆီကိုနိုင်ငံရှိ သူ့မိသားစုထံသို့ ပေးပို့ခဲ့သည်။ နေ့စဥ်နံနက်စောစောတွင် ကားထဲ၌ ဟိုဟိုဒီဒီ လုပ်နေသည့် ဆရာဂျိုစီကို ကျောင်းသားဟောင်းတစ်ဦးက တွေ့မြင်ခဲ့ပြီး၊ “ကျွန်တော် တစ်ခုခုလုပ်ဖို့ လိုနေပြီလို့ ခံစားခဲ့ရတယ်”ဟု ဆိုကာ ဆရာ့အတွက် ရံပုံငွေကောက်ခံခဲ့သည်။ ရက်သတ္တပတ်အတန်ကြာတွင် ကောက်ခံရရှိသောငွေကို ဆရာဂျိုစီထံပေးအပ်ပြီး အိမ်ငှားနေရန်ကူညီပေးခဲ့သည်။
သမ္မာကျမ်းစာမှ တစ်ဦးနှင့်တစ်ဦးဂရုစိုက်လျက် စောင်မကြည့်ရှုရန် ကျွန်ုပ်တို့ကို အထပ်ထပ်ညွှန်ကြားထားသော်လည်း၊ တစ်ခါတစ်ရံတွင် မိမိ၏သောက ပူပန်စရာများထက်ကျော်ပြီး ကြည့်ရန်ခက်ခဲပါသည်။ ပရောဖက်ဇာခရိက ဣသရေလလူမျိုးတို့အား ၎င်းတို့သည် ဘုရားသခင်ကိုကိုးကွယ်ပြီး အခြားသူများအား အစေခံမည့်အစား ကိုယ့်ဘာသာကိုယ် စားသောက်ပွဲများနှင့် အပျော်ကျူးနေကြသည်ဟု ဆုံးမခဲ့သည် (ဇာ ၇:၆)။ အများနှင့်မျှဝေခံစားရမည့် ဘဝကို လျှစ်လျှူရှုပြီး ကိုယ်နှင့်စပ်ဆိုင်သူတို့၏ လိုအပ်ချက်ကို သူတို့အလေးမထားကြပေ။ ပရောဖက်ဇာခရိအနေဖြင့် “တရားအမှုကို တရားသဖြင့်စီရင်ကြလော့။ သနားခြင်းကရုဏာစိတ် နှင့် တစ်ယောက်ကိုတစ်ယောက် ကျေးဇူးပြုကြလော့။ မိဘမရှိသူ၊ မုဆိုးမ၊ တစ်ကျွန်းတစ်နိုင်ငံသား၊ ဆင်းရဲသားတို့ကို မညှဥ်းဆဲကြနှင့်။ တစ်ယောက်ကို တစ်ယောက် မကောင်းသောအကြံကို မကြံကြနှင့်” (:၉-၁၀)ဟု ဘုရားသခင်၏ ညွှန်ကြားချက်ကို ရှင်းလင်းစွာ ဖော်ပြခဲ့သည်။
မိမိ၏လိုအပ်ချက်များကိုသာ အလေးထားအာရုံစိုက်ရန် လွယ်ကူသည့်တိုင် သစ္စာတည်ကြည်ခြင်းသဘောက အခြားသူများ၏လိုအပ်ချက်များကိုလည်း ကူညီစောင်မရန် ကျွန်ုပ်တို့ကို စေစားပါသည်။ ဘုရားသခင်၏ စီးပွားရေးစျေးကွက်တွင် အားလုံးအတွက် မြောက်မြားကြွယ်ဝလုံလောက်စွာ ရှိသည်။ ထိုကြွယ်ဝမှုများမှ အချို့ကို အခြားသူများအား ပေးကမ်းရန် ဘုရားသခင်က ကျွန်ုပ်တို့ကို သနားခြင်း ကရုဏာဖြင့် ရွေးချယ်အသုံးပြုပါသည်။