သခင်ယေရှု မည်သူဖြစ်သည်ဟု လူတို့ယုံကြည်ကြသနည်း။ အချို့က သူသည်ဆရာကောင်းတစ်ဦး၊ သို့သော် လူသားမျှသာဖြစ်သည်ဟု ပြောကြသည်။ စာရေး ဆရာ C. S. Lewis (စီအက်စ်လူးဝစ်)က ‘Mere Christianity’ (ခရစ်ယာန်ဘာသာ မျှသာ) စာအုပ်တွင် “ဤသူသည် ဘုရားသားတော် (သို့) သူရူး၊ ထို့ထက်ဆိုးသောသူ မည်သူပင်ဖြစ်ဖြစ်၊ သူ့အား အရူးဖြစ်သည်ဟုဆိုကာ တိတ်တိတ်နေခိုင်းနိုင်သည်။ နတ်ဆိုးတစ်ဦးပဲ ဟုဆိုကာ သူ့ကို တံတွေးထွေးကာ သတ်ပစ်နိုင်သည်။ သို့မဟုတ် သူ့ခြေရင်းတွင် ပျက်ဝပ်ကာ အရှင်၊ သခင်ဘုရားဟု သင်ခေါ်နိုင်သည်။ သို့သော် သူသည် ကြီးမြတ်သော လူသားဆရာတစ်ပါးဟု သူ၏ဖြစ်တည်မှုနှင့်ပတ်သက်၍ အဓိပ္ပာယ်မရှိသော အထက်စီးလေသံဖြင့် သူ့ထံသို့ တိုးဝင်ခြင်းမပြုပါနှင့်” ဟု ရေးသားခဲ့သည်။ ဤထင်ရှားသော စကားများသည် အကယ်၍ သခင်ယေရှုက သူသည် ဘုရားသခင်ဖြစ်သည်ဟု မဟုတ်မမှန်ဘဲ ကြွေးကြော်ခဲ့ပါက သူသည် ကြီးမြတ်သော ပရောဖက်တစ်ပါးလည်း ဖြစ်မည်မဟုတ်ဟု အကြံပေးထားသည်။ ၎င်းသည် မိစ္ဆာဒိဌိအယူ (အယူမှား)ပင် ဖြစ်လိမ့်မည်။
ကျေးလက်တွင် တပည့်တော်များနှင့် လှည့်လည်စဥ် သခင်ယေရှုက သူတို့အား “လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်း” (မာ ၈:၂၇)ဟု မေးရာ၊ သူတို့က ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်၊ ဧလိယ၊ ပရောဖက် တစ်ပါးပါး ဖြစ်သည်ဟု ဖြေကြသည် (:၂၈)။ သို့သော် သခင်က သူတို့ယုံကြည်သည့်အရာကို သိလိုသည်။ “သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက ကိုယ်တော်သည် ခရစ်တော် (ကယ်တင်ရှင်၊ မေရှိယ) ဖြစ်တော်မူသည်ဟု လျှောက်လေ၏” (:၂၉)။
သခင်ယေရှုမည်သူဖြစ်သည်ဟု ကျွန်ုပ်တို့ပြောကြမည်နည်း။ “ငါသည် ငါ့ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်သည်ဟု” (ယော ၁၀:၃၀) မိန့်မြွက်သော သခင်၏စကားမမှန်လျှင် သူသည် ကောင်းသောဆရာ (သို့) ပရောဖက်တစ်ပါး မဖြစ်နိုင်ပေ။ သူသည် ဘုရားသားဖြစ်ခြင်းကို သူ့နောက်တော်လိုက်များနှင့် နတ်ဆိုးများပင်လျှင် ထုတ်ဖော်ကြွေးကြော်ကြသည် (မ ၈:၂၉၊ ၁၆:၁၆၊ ၁ ယော ၅:၂၀)။ ယနေ့ ကျွန်ုပ်တို့လိုအပ်သောအရာကို သခင်ဖြည့်ဆည်းပေးသောကြောင့် သခင်ခရစ်တော်သည် မည်သူဖြစ်ကြောင်းကို ကျွန်ုပ်တို့ဝေငှနိုင်ကြပါစေ။