ထောင်သားဝတ်စုံအစင်းကျားကို ဝတ်ကာ စိုထိုင်းသော ထောင်အားကစားရုံကို ဖြတ်လျှောက်လာပြီး ဂျိမ်းသည် ယာယီရေကန်ထဲသို့ ခုန်ဆင်းခဲ့သည်။ ထိုရေကန်ထဲတွင် ထောင်သင်းအုပ်ဆရာက သူ့အား ဗတ္တိဇံမင်္ဂလာပေးခဲ့သည်။ ထောင်ကျနေသည့် သူ့သမီး ဘရစ်တနီသည်လည်း ထိုရေ၌ပင် ထိုနေ့က ဗတ္တိဇံမင်္ဂလာကို ခံယူခဲ့သည်ကို သူကြားသောအခါ ဂျိမ်း၏ဝမ်းမြောက်ခြင်း ဆပွားတိုးလာသည်။ အဖြစ်အပျက်ကို ဇာတ်ရည်လည်‌ေသောအခါ ဝန်ထမ်းများပင်လျှင် ခံစားရသည်။ “အားလုံးငိုကြရတယ်” ဟု ထောင်သင်းအုပ်က ပြောပြသည်။ နှစ်ပေါင်းများစွာ ထောင်မှထွက်လိုက်ဝင်လိုက်နှင့် ဘရစ်တနီတို့သားအဖနှစ်ဦးစလုံးသည် ဘုရားသခင်၏ခွင့်လွှတ်မှုကို လိုလားခဲ့ပြီး၊ သူတို့နှစ်ဦးစလုံးကို ဘုရားသခင်က အသက်တာသစ်ပေးခဲ့သည်။

သမ္မာကျမ်းစာ၌ အကျဥ်းထောင်နှင့်ပတ်သက်သည့် နောက်အဖြစ်အပျက်တစ်ခုကို ဖော်ပြထားသည်။ ၎င်းတွင် ရှင်ယေရှု၏မေတ္တာဖြင့် ထောင်မှူးနှင့် သူ၏တစ်အိမ်သားလုံးကို ပြောင်းလဲစေခဲ့သည်။ “ပြင်းထန်သော မြေငလျှင်လှုပ်” ခြင်းကြောင့် “ထောင်တံခါးများ ပွင့်ကုန်ကြသည်”၊ ရှင်ပေါလုနှင့်သိလသည် ထွက်မပြေးဘဲ အကျဥ်းခန်းအတွင်း၌ပင် ကျန်ရစ်နေသည် (တ ၁၆:၂၆-၂၈)။ သူတို့ထွက်မပြေးသဖြင့် ထောင်မှူးသည် ကျေးဇူးတင်လျက် သူတို့ကို အိမ်သို့ဖိတ်ခေါ်ကာ အဆုံးတွင် “အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှာ အဘယ်သို့ပြုရပါမည်နည်း” (:၃၀)ဟု အသက်တာကို ပြောင်းလဲစေသောမေးခွန်းကို မေးခဲ့သည်။

“သခင်ယေရှုကို ယုံကြည်ပါ”၊ “သင်နှင့် သင့်မိသားစု ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်မည်” ဟု သူတို့ဖြေခဲ့သည် (:၃၁)။ ဘုရားရှင်သည် လူတစ်ဦးချင်းစီ သာမက မိသားစုတစ်ခုလုံးကိုလည်း သူ၏ကရုဏာတော် သွန်းလောင်းလိုကြောင်း ဤတုံ့ပြန်မှုက ဖော်ပြနေသည်။ ဘုရား၏ချစ်ခြင်းမေတ္တာတော်ကို တွေ့ကြုံခံစားရသောအခါ “ထောင်မှူးနှင့်တကွ သူ၏အိမ်သူအိမ်သားများသည်” ဘုရားသခင်ကို ယုံကြည်လာကြသည် (:၃၄)။ မိမိချစ်ရသူများ ကယ်တင်ခြင်းသို့ရောက်ရေးကို ကျွန်ုပ်တို့အလွန်လိုလားသော်လည်း ကျွန်ုပ်တို့ သူတို့ကိုချစ်သည်ထက် ဘုရားသခင်က သူတို့ကိုပို၍ချစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်နိုင်သည်။ ကျွန်ုပ်တို့၏အိမ်ထောင်မိသားစုတစ်ခုလုံးကို အသစ်ပြုပြင်ရန် သခင်အလိုရှိပေ၏။