သရေစာမုန့်အိတ်လေးက သေးငယ်သော်လည်း အမေရိကန်သာသနာပြုတစ်ဦးကို သင်ခန်းစာကြီးကြီး သင်ပေးခဲ့သည်။ ဒိုမီနီကန်သမ္မတနိုင်ငံ၌ သူအလုပ်လုပ်စဥ် တစ်ညနေတွင် ဘုရားကျောင်းဝတ်ပြုစည်းဝေး၌ အာလူးကြော်ထုပ်ကို စားရန်ဖောက်လိုက်သည်။ ထိုစဥ် သူမ သိပ်မသိသော အမျိုးသမီးတစ်ဦးသည် အိတ်ထဲမှ အကြော်အချို့ကို နှိုက်ယူသွားသည်။ အခြားသူများလည်း လာရောက်ယူကြသည်။
ရိုင်းလိုက်တာဟု သာသနာပြုဆရာမ တွေးမိသော်လည်း နောက်ပိုင်းတွင် နှိမ့်ချစေသောသင်ခန်းစာကို သဘောပေါက်နားလည်ခဲ့သည်။ သူအမှုတော်ဆောင်ရန် သဘောတူထားသည့် တိုင်းပြည်၏ယဉ်ကျေးမှုကို နားမလည်သေးပါ။ အမေရိကန်နိုင်ငံတွင် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အလေးပေးသော်လည်း ဒိုမီနီကန်သမ္မတနိုင်ငံရှိလူများသည် အသိုင်းအဝိုင်းဖြင့်နေထိုင်ကြောင်း သူသိလာခဲ့သည်။ အစားအသောက်နှင့် ကုန်ပစ္စည်းများကို မျှဝေခြင်းက လူအချင်းချင်း၏ဆက်ဆံပုံဖြစ်သည်။ သူမနိုင်ငံ၏နည်းလမ်းက ပိုကောင်းခြင်းမဟုတ်ဘဲ မတူညီခြင်းသာဖြစ်သည်။ “ကိုယ့်အကြောင်းကို ပြန်သိရှိရတာ အရမ်းနှိမ့်ချရိုကျိုးစရာပါပဲ” ဟု သူမ ဝန်ခံခဲ့သည်။ သူမ၏ကိုယ်ပိုင်အစွဲ၊ ဘက်လိုက်မှုများကို ပြန်မြင်လာပြီး၊ အခြားသူများနှင့် နှိမ့်ချစွာ ဝေမျှခြင်းက ဒေသခံတို့အား ပို၍ကောင်းစွာအစေခံနိုင်ရန် အထောက်အကူဖြစ်စေကြောင်း သင်ယူခဲ့ရသည်။
“နှိမ့်ချမှုဖြင့် အခြားသူများကိုဆက်ဆံပါ” ဟူသည့် သင်ခန်းစာကို ရှင်ပေတရုက အသင်းတော်ခေါင်းဆောင်များအား သင်ကြားပေးခဲ့သည်။ အသက်ကြီးသူများအား “အသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြု”ခြင်းကို ရှောင်ကြဥ်ရန် (၁ ပေ ၅:၃) တိုက်တွန်းပြီး၊ ငယ်သောသူများအား “အသက်ကြီးသောသူတို့၏စကားကို နားထောင်ကြလော့။ ထိုမျှမက အချင်းချင်း တစ်ယောက်အောက်တစ်ယောက် နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့” (:၅)ဟု အကြံပြုခဲ့သည်။ “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။ ထိုကြောင့် ကာလအချိန်တန်လျှင်၊ ဘုရား သခင်သည် သင်တို့ကိုချီးမြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသောလက်တော် အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့” (:၅-၆)ဟု အလေးအနက်ပြောခဲ့သည်။ ယနေ့ ကိုယ်တော်နှင့်အခြားသူများရှေ့တွင် နှိမ့်ချစွာ အသက်ရှင်နိုင်ရန် ကျွန်ုပ်တို့အား ကူညီတော်မူပါ။