အိန္ဒိယပြည်မှ ညီအစ်မနှစ်ယောက်သည် မွေးစကပင် အမြင်ကွယ်ခဲ့သည်။ သူတို့၏ ဖခင်မှာ တာဝန်အကျေဆုံးသောဖခင် ဖြစ်လင့်ကစား သူ့သမီးနှစ်ယောက်အတွက် မျက်စိအလင်းပေးနိုင်မည့် ခွဲစိတ်ခ မတတ်နိုင်ခဲ့ပါ။ သို့သော် သူတို့နေထိုင်ရာဒေသသို့ ယာယီစီမံချက်ဖြင့် ကွင်းဆင်းဆရာဝန်တစ်ဖွဲ့ ရောက်ရှိလာသည်။ ခွဲစိတ်မှုအပြီး နောက်တစ်နေ့မနက်တွင် သူနာပြုဆရာမက ပတ်တီးဖြေပေးရာ၊ ကလေးမလေးနှစ်ဦး၏မျက်နှာ၌ အပြုံးပန်းများဝေနေသည်။ တစ်ဦးကမူ “အမေ၊ ကျွန်မမြင်ရပြီ၊ ကျွန်မမြင်နိုင်ပြီ” ဟု ဝမ်းသာအားရအော်လိုက်သည်။

မွေးစကပင် ခြေမသန်စွမ်းသူတစ်ဦးသည်လည်း ဗိမာန်တော်အဝ သူထိုင်နေကျ နေရာလေး၌ မလှုပ်မယှက်ထိုင်ရင်း တောင်းစားနေခဲ့သည်။ ရှင်ပေတရုက “ငါ၌ရွှေငွေမရှိ။ ရှိသည့်အရာကို သင့်အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့” (တ ၃:၆)ဟု ဆိုသည်။ ထိုလူသည် “ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက်၊ ဘုရားသခင်ကိုချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ ဝင်လေ၏” (:၈)။

မျက်မမြင် ညီအစ်မနှစ်ဉီးနှင့် ခြေမသန်သူလူကြီးတို့သည် မျက်စိတစ်ခါမျှမကွယ်ဖူးသော၊ ခြေထောက်တစ်ခါမျှ မလိမ်ဖယ်ဖူးသောသူတို့ထက် သူတို့မျက်လုံး၊ သူ၏ခြေထောက်ကို နှစ်သက်မြတ်နိုးသည်။ ထိုညီအစ်မမှာ အံ့ဩမှုဖြင့် မျက်တောင်တခတ်ခတ်ဖြင့် ကြည့်မဆုံးနိုင်ဖြစ်နေပြီး၊ ခြေမသန်စွမ်းသူသည်လည်း သွားလျက်၊ ခုန်လျက်ပင် ခြေလှမ်း၍မကုန်နိုင် ဖြစ်ရသည်။

သင်၌ရှိနှင့်ပြီးသား နဂိုအစွမ်းအစတို့ကို ပြန်ဆင်ခြင်ကြည့်ပါ။ အကယ်၍ အံ့ဩဖွယ်အနာငြိမ်းစေခြင်းကို သင်လည်း ကြုံတွေ့ခံစားရသည်ဆိုလျှင် ရှိပြီးသားအစွမ်းအစအတွက် သင်မည်မျှပိုပြီး ဝမ်းမြောက်နိုင်မည်နည်း။ ၎င်းတို့ကို သင်မည်သို့ တိုး၍အသုံးချနိုင်မည်နည်း။ သခင်ယေရှုကိုယုံကြည်လျှင် အပြစ်တရားမှ သင့်ကိုကယ်တင်ပြီး သင့်ဝိညာဉ်ရေးကို ကုသပေးပြီးဖြစ်ကြောင်းကိုလည်း စဥ်းစားဆင်ခြင်ကြည့်လိုက်ပါ။

ကျွန်ုပ်တို့ကို ဖန်ဆင်းပြီး ကယ်တင်သောအရှင်အား ကျေးဇူးတင်လျက် ကျွန်ုပ်တို့အား သူပေးထားသမျှကို သူ့ထံပြန်ဆက်ကပ်ကြပါစို့။