Thomas Keating (သောမတ်စ် ခိတင်)သည် သူ၏ဂန္တ၀င်စာအုပ် ‘The Human Condition’ (လူ့အခြေအနေ)တွင် ဤအမှတ်ရဖွယ်ပုံပြင်ကို ရေးထားသည်။ အိမ်သော့ပျောက်နေသည့် ဆရာတစ်ဦးသည် မြေပေါ် ဒူးရောလက်ပါ ထောက်ပြီး မြက်ခင်းများကြားတွင် သော့ကို ရှာဖွေရာ၊ သူ၏တပည့်များက တွေ့သည့်အခါ ကူညီ၍ ရှာဖွေခဲ့ကြသော်လည်း မတွေ့ခဲ့ပါ။ နောက်ဆုံးတွင် “ပို၍ဉာဏ်ကောင်းသည့် တပည့်တစ်ဦး”က “ဆရာ၊ ဆရာ့သော့ ဘယ်မှာပျောက်ခဲ့သလဲဆိုတာ မှတ်မိလား” ဟုမေးရာ ဆရာက “မှတ်မိတာပေါ့။ အိမ်ထဲမှာ ပျောက်တာ”ဟု ပြန်ဖြေသည်။ “ဒါဆိုဘာလို့ အပြင်မှာရှာနေတာလဲ” ဟု တပည့်များက အံ့အားသင့်စွာမေးရာ ဆရာက “‌မတွေ့ဘူးလား။ ဒီမှာအလင်းပိုရတယ်လေ” ဟု ပြန်ဖြေခဲ့သည်။

ကျွန်ုပ်တို့သည်လည်း “ဘုရား၏ချစ်မြတ်နိုးဖွယ် မျက်မှောက်တော်ကို ခံစားခြင်း ဟူသည့် ဘုရားနှင့်အကျွမ်းဝင်ရင်းနှီးမှု”သော့ကို ပျောက်တတ်ကြကြောင်း၊ “ထို‌အတွေ့အကြုံ မရှိဘဲ မည်သည့်အရာမျှ အလုပ်မဖြစ်သလို ထိုအကျွမ်းဝင်မှုရှိပါက မည်သည့်အရာမဆို ‌ဖြစ်‌မြောက်နိုင်သည်”ဟု ခိတင်က သုံးသပ်ပြောခဲ့သည်။

ဘ၀၏အနိမ့်အမြင့်များကြားတွင် ဘုရားသခင်သည် ကျွန်ုပ်တို့၏ အနက်ရှိုင်းဆုံးသော တောင့်တမှုများအတွက် သော့ဖြစ်ကြောင်း ကျွန်ုပ်တို့လွယ်လွယ် မေ့တတ်ကြသည်။ သို့သော် မှားယွင်းသောနေရာများတွင် ရှာဖွေ‌နေမှုကို ရပ်တန့်လိုက်ရန် အဆင်သင့်ဖြစ်ချိန်တွင် မှန်ကန်သည့် သက်သာခြင်းကို ကျွန်ုပ်တို့အား ပြရန် ဘုရားသခင် အဆင်သင့်ရှိနေသည်။ ရှင်မဿဲခရစ်ဝင် ၁၁ တွင် သခင်ယေရှုသည် “အလိမ္မာနှင့်ပြည့်စုံသောသူတို့”ကို မဟုတ်ဘဲ “သူငယ်တို့”ကို သူ၏ အကြံအစည်များကို ဖွင့်ပြသည့်အတွက် အဘခမည်းတော်ကို ချီးမွမ်းခဲ့သည် (:၂၅)။ ထို့နောက် “၀န်လေး၍ ပင်ပန်း‌သောသူအ‌ပေါင်းတို့”အား သူ့ထံလာရောက်နားခိုရန် သခင်ဖိတ်ခေါ်ခဲ့သည် (:၂၈)။

“နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ”သည့် (:၂၉) ဆရာသခင်၏လမ်းစဉ်ကို သူငယ်များကဲ့သို့ ကျွန်ုပ်တို့ သင်ယူပါက စစ်မှန်သောသက်သာခြင်းကို တွေ့ရှိနိုင်မည်။ ကျွန်ုပ်တို့ကို စိတ်အားထက်သန်စွာ ကြိုဆိုသော ဘုရားသခင်ရှိနေပါသည်။