အထက်တန်းကျောင်းသူဘဝက ပထမဦးဆုံး ကျွန်မအလုပ်ဝင်ခဲ့သည့် အမျိုးသမီးအထည်စတိုးဆိုင်တွင် လုံခြုံရေးအမျိုးသမီးသည် ဈေးဝယ်သူကဲ့သို့ ဝတ်ဆင်ကာ သူခိုးဟုသူ‌တွေးထင်သည့် အမျိုးသမီးများနောက်သို့ လိုက်ကြည့်ခဲ့သည်။ စတိုးဆိုင်ပိုင်ရှင်များ သံသယရှိသည့်အတိုင်း မှန်နေသည့်လူများလည်းရှိသည်။ ဒုက္ခပေးမည့်ဟန် မရှိသူများကိုဖြင့် လွှတ်ထားသည်။ ကျွန်မလည်း စတိုးဆိုင်တွင် ပစ်မှတ်ထားခံရပြီး အလိုက်ခံခဲ့ရသော်လည်း လုပ်ကွက်များကို သိနေခြင်းကြောင့် စိတ်၀င်စားဖွယ် အဖြစ်အပျက်ဟုပင် ပြောရမည်။

ဆန့်ကျင်ဘက်အနေဖြင့် ဘုရား၏ကောင်းမြတ်ခြင်းနှင့်ကရုဏာကောင်းချီးမင်္ဂလာများ သူ့နောက်လိုက်ပါလာကြောင်း ဒါဝိဒ်ကြေညာခဲ့သည်။ ဤဆုကျေးဇူး နှစ်ပါးသည် သူ့နောက်သို့ သံသယ‌ကြောင့်မဟုတ်ဘဲ စစ်မှန်သောချစ်ခြင်းကြောင့် လိုက်ပါခဲ့သည်။ ထိုကျေးဇူးအစုံကို ဧဝံ‌‌‌ဂေလိဆရာ Charles Spurgeon (ချားလ်စ် စပါဂျင်)က “စောင့်ရှောက်သူ ကောင်းကင်တမန်အမွှာ” ဟု ခေါ်ပြီး ၎င်းတို့သည် ဆိုးရွား သည့်နေ့ရော၊ ကောင်းမွန်သည့်နေ့များတွင်ပါ ယုံကြည်သူများနောက်သို့ ကပ်လျက်လိုက်ပါသည်။ “အုံ့မှိုင်းသော ဆောင်းရက်များနှင့် တောက်ပသောနွေရက် များတွင်ပါ ကျေးဇူးတော်က ကျွန်ုပ်တို့၏လိုအပ်မှုများကို ဖြည့်ဆည်းပေးပြီး၊ ကရုဏာတော်က ကျွန်ုပ်တို့၏အပြစ်များကို ဖုံးအုပ်ပေးသည်”ဟု သရုပ်ဖော်ခဲ့သည်။

တစ်ခါက သိုးကျောင်းသားလေးဖြစ်ဖူးသည့် ဒါဝိဒ်သည် ကျေးဇူးနှင့်ကရုဏာကို တွဲဖက်ပေးသည့် ဘုရားသခင်၏အလိုကို နားလည်ပြီးဖြစ်သည်။ ကြောက်ရွံ့မှု၊ စိုးထိတ်မှု၊ သွေးဆောင်ဖြားယောင်းမှု၊ သံသယအစရှိသည့် အခြားအရာများလည်း ယုံကြည်သူတို့နောက် လိုက်လာနိုင်သေးသည်။ သို့သော် ဒါဝိဒ်က “အကယ်စင်စစ်” ဘုရားရှင်၏ ကြင်နာသောကောင်းမြတ်ခြင်းနှင့် ကရုဏာသည် ကျွန်မတို့နောက် အမြဲလိုက်နေကြောင်း သံသယကင်းသော ကျိန်းသေမှုဖြင့် ကြွေးကြော်ခဲ့သည်။

“အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူးနှင့်ကရုဏာကို တစ်သက်လုံးခံစား၍ ထာ၀ရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်” (ဆာ ၂၃:၆)ဟု ဒါဝိဒ်သီဆိုဝမ်းမြောက်ခဲ့သည်။ ၎င်းသည် အိမ်တော်ပြန်ချိန်ထိတိုင် ကျွန်မတို့နောက် လိုက်ပါသည့် အလွန်အံ့ဩနှစ်သက်ဖွယ် လက်ဆောင်ပါတကား။