၂၀၀၂ ခုနစ် ဇွန်လ(၁၁)ရက်တွင် American Idol (အမေရိကန် အသည်းစွဲ)သီချင်းပြိုင်ပွဲကြီးကို စတင် ကျင်းပခဲ့သည်။ အပတ်စဉ်တိုင်းတွင် မျှော်လင့်ချက်အပြည့်နှင့် ပြိုင်ပွဲဝင်များသည် နာမည်ကြီးသီချင်းများကို မိမိတို့ကိုယ်ပိုင်ဟန်ဖြင့် ဖျော်ဖြေခဲ့ကြသည်။ ကြည့်ရှုသူ ပရိသတ်များက ပြိုင်ပွဲနောက်တစ်ဆင့်တက်ရန် သင့်တော်သူကို မဲပေးခဲ့ကြသည်။
“ဒီသီချင်းကို မင်းသီချင်းဖြစ်အောင်လုပ်လိုက်တာပဲ၊ ဘော်ဒါ” ဟူသည့်မှတ်ချက်က ပြိုင်ပွဲ၏ဒိုင်တစ်ဦးဖြစ်သည့် Randy Jackson (ရန်ဒီ ဂျက်ဆင်)၏ ကိုယ်ပိုင်အကဲဖြတ်ချက်ဖြစ်သည်။ သီဆိုသူသည် ရင်းနှီးသည့်တေးသွားကို သေချာစွာလေ့လာပြီး တစ်မူထူးစွာ ဆန်းသစ်ပြောင်းလဲပြီး ကိုယ်ပိုင်ဟန်ဖြင့် ဖျော်ဖြေပါက သူထိုကဲ့သို့ ချီးမွမ်းလေ့ရှိသည်။ “ကိုယ်ပိုင်ဖြစ်အောင်လုပ်ခြင်း”သည် တစ်စုံတစ်ရာကို လုံးဝဆန်းသစ်ပြောင်းလဲလိုက်ပြီးနောက် ပရိသတ်ကို ချပြလိုက်ခြင်းဖြစ်သည်။
ရှင်ပေါလုက ကျွန်ုပ်တို့အား မိမိတို့၏ယုံကြည်မှုကို ပိုင်နိုင်သေချာစေပြီး ပြန်လည်ဖော်ပြနိုင်ရေး တစ်စုံတစ်ရာလုပ်ဆောင်ရန် ဖိတ်ခေါ်ခဲ့သည်။ ဖိလိပ္ပိသြဝါဒစာ ၃ တွင် ရှင်ပေါလုသည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ခြင်းအတွက် သူ၏ကိုယ်ပိုင် အားထုတ်ကျင့်ကြံမှုကို ငြင်းပယ်ကာ (၇-၁၀)၊ “ယုံကြည်ခြင်းအတွက်ကြောင့် ဘုရားသခင်ပေးတော်မူသော ဖြောင့်မတ်ခြင်း”ကိုသာ ဖက်တွယ်ရန် သူသွန်သင်ခဲ့သည်။ ခွင့်လွှတ်ခြင်းနှင့် ရွေးနှုတ်တော်မူခြင်း ဆုကျေးဇူးတော်သည် ကျွန်ုပ်တို့၏ စိတ်ဓာတ်ကိုလှုံ့ဆော်ပေးသည့် အရင်းအမြစ်နှင့် ပန်းတိုင်တို့ကို ပြောင်းလဲစေသည်။ “အကြင်အကျိုးကိုပေးခြင်းငှာ ခရစ်တော်သည် ငါ့ကိုကိုင်ဖမ်းတော်မူ၏။ ထိုအကျိုးကို ကိုင်မိခြင်းငှာ ငါပြေး၍ လိုက်သေး၏” (ဖိ ၃:၁၂)။
သခင်ယေရှုသည် ကျွန်ုပ်တို့၏အောင်မြင်မှုကို ရယူပေးခဲ့သည်။ ကျွန်ုပ်တို့၏ တာဝန်မှာ ထိုသမ္မာတရားကို ဆုပ်ကိုင်လျက် ဘုရားသခင်၏ ဧဝံဂေလိဆုကျေးဇူးကို နှလုံးသွင်းကာ ယိုယွင်းနေသည့်ကမ္ဘာတွင် ထိုသမ္မာတရားကို ရှင်သန်ပြရမည်ဖြစ်သည်။ ပြောရမည်ဆိုလျှင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ကျွန်ုပ်တို့အပိုင်ဖြစ်အောင် လုပ်ပြီး “မိမိတို့ ယနေ့တိုင်အောင် လိုက်လျှောက်ခဲ့သည့် ထုံးစံအတိုင်း ပြုကျင့်ကြကုန်စို့” (:၁၆)(ခေတ်သံုး)။