ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ချိန်တွင် ကယ်လီသည် ဦးနှောက်ကင်ဆာကြောင့်အသေအလဲခံစားခဲ့ရသည်။ ထို့နောက် သူမ၏နှလုံးနှင့်အဆုတ်တို့တွင် အရည်များ စုလာသဖြင့် နောက်တစ်ကြိမ် ဆေးရုံတက်ခဲ့ရသည်။ ကမ္ဘာ့ကပ်ရောဂါကြောင့်သူမ၏မိသားစုဝင်များ သူ့ကိုလာရောက်မကြည့်ရှုနိုင်ခဲ့ပါ။ သူမ၏ခင်ပွန်း ဒေ့ဗ်သည် တစ်စုံတစ်လုပ်ပေးရန် စိတ်ဆုံးဖြတ်ခဲ့သည်။
ချစ်ခင်ရသူများကို အတူတကွစုဝေးစေပြီး မိမိပြောလိုသည့်အကြောင်းများပါသည့် ဆိုင်းဘုတ်ကြီးများကို ပြုလုပ်ပေးရန် သူတို့ကို တောင်းဆိုခဲ့သည်။ သူတို့လုပ်ပေးခဲ့ကြသည်။ နှာခေါင်းစည်းများ ၀တ်ဆင်ထားသည့် လူအယောက် (၂၀)သည် ဆေးရုံအပြင်လမ်းမကြီးပေါ်၌ “အကောင်းဆုံးမေမေ”၊ “ချစ်တယ်”၊ “ငါတို့ နင်နဲ့အတူရှိတယ်” စသည့် ဆိုင်းဘုတ်ကြီးများကိုင်ကာ ရပ်နေကြသည်။ သူနာပြု၏ အကူအညီဖြင့် ကယ်လီသည် လေးလွှာရှိ ပြတင်းပေါက်ဆီသို့ ရောက်ရှိခဲ့သည်။ “ကျွန်တော်တို့ မြင်ရသမျှက နှာခေါင်းစည်းနှင့် ဝှေ့ယမ်းပြနေတဲ့ လက်တစ်ဘက်ပဲ။ ဒါပေမဲ့ လှပတဲ့နှာခေါင်းစည်းနဲ့ ဝှေ့ယမ်းပြနေတဲ့လက်ပါ”ဟု သူမ၏ခင်ပွန်းက လူမှုကွန်ရက်ပေါ်၌ ထိုကဲ့သို့တင်ခဲ့သည်။
သူအသက်ကြီးရင့်လာချိန်တွင် ရောမ၌အကျဉ်းချခံရစဥ် တမန်တော်ရှင်ပေါလုသည် အားအင်လျော့ကာ အထီးကျန်မှုကို ခံစားခဲ့ရပြီး “ဆောင်းကာလမရောက်မီ ကြိုးစား၍လာခဲ့လော့” (၂ တိ ၄:၂၁) ဟု တိမောသေထံ သူစာရေးခဲ့သည်။ သို့သော် ရှင်ပေါလုသည် တစ်ယောက်တည်း မဟုတ်ခဲ့ပါ။ “သခင်ဘုရားသည် ငါ့ဘက်၌ နေ၍ ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူ”သည် (:၁၇) ဟု သူဆိုခဲ့သည်။ ထို့ပြင် အခြားယုံကြည်သူများနှင့်လည်း ခွန်အားရစရာ ဆက်သွယ်မှုများ ရှိခဲ့ကြောင်း ပေါ်လွင်သည်။ “ဥဗုလု၊ ပုဒေ၊ လိနု၊ ကလောဒိ မှစ၍ ညီအစ်ကိုအပေါင်းတို့သည် သင့်ကို နှုတ်ဆက်ကြ၏” (:၂၁)ဟု ရှင်ပေါလုသည် တိမောသေအား ဆိုခဲ့သည်။
အစုအဖွဲ့၊ အသိုင်းအဝန်းနှင့် နေထိုင်ရှင်သန်ရန်အတွက် ကျွန်ုပ်တို့ကိုဖန်ဆင်းထားကြောင်း ကပ်ကာလများကြုံရချိန်တွင် ကျွန်ုပ်တို့အထူးသဖြင့် ခံစားမိကြသည်။ တစ်ယောက်တည်း အထီးကျန်ခံစားနေရသည့်သူအတွက် ယနေ့တွင် သင်ဘာလုပ်ပေးနိုင်မည်နည်း။