“ဖြစ်ချင်တော့ဟယ်၊ မကြာသေးခင်က ငါတို့စကားအချေအတင် ဖြစ်ခဲ့ကြတယ်။ ငါတို့နှစ်ယောက်လုံး မပျော်ရွှင်ရပါဘူး။ ဒါပေမဲ့ သူ့အနားက လူတွေ မနာကျင်ရ လေအောင် သူမရဲ့စိတ်ထားနဲ့ အပြုအမူတွေကို ပြောပြဖို့လိုတယ်လို့ ငါခံစားရတယ်” ဟု ရှယ်လီက သူမပြုစုပျိုးထောင်ပေးနေရသည့် မိန်းမပျိုလေးအကြောင်း ပြောပြသည်။ အဆင်မပြေဖြစ်ခဲ့သော်လည်း သူတို့စကားပြောခြင်းသည် အကျိုးဖြစ်ခဲ့ပြီး သူတို့၏ဆက်ဆံရေး ပိုမိုခိုင်မာစေခဲ့သည်။ ရက်သတ္တပတ်များကြာပြီးနောက် သူတို့နှစ်ဦးသည် နှိမ့်ချခြင်းနှင့်ပတ်သက်သည့် ခေါင်းစဥ်ဖြင့် အသင်းတော်အတွင်း ဆုတောင်းခြင်းကို ဦးဆောင်ခဲ့သည်။

အသင်းတော်ပြင်ပ သာမန်ပြုစုပျိုးထောင်ခြင်းတွင်လည်း ကျွန်ုပ်တို့သည် ခရစ်ယာန် ညီအစ်ကိုမောင်နှမများနှင့် ခက်ခဲသည့်စကားဝိုင်း (၁)ခု (သို့) (၂)ခု ရှိစမြဲ ပင်။ မပြောင်းလဲသောဉာဏ်ပညာနှင့် ပြည့်စုံသည့် သုတ္တံကျမ်းတွင် ဆုံးမခြင်းနှင့် ဆုံးမမှုကိုခံယူတတ်သည့် နှိမ့်ချခြင်း၏အရေးပါမှုကို ထပ်ခါထပ်ခါ ဖော်ပြထား သည်။ အပြုသဘောဆောင်သည့် ဝေဖန်မှုများသည် အသက်နှင့်ယှဉ်ပြီး စစ်မှန်သည့် ဉာဏ်ပညာဆီသို့ ပို့ဆောင်ပေးသည် (သု ၁၅:၃၁)။ သုတ္တံကျမ်း ၁၅:၅ တွင် “မိုက်သောသူသည် အဘသွန်သင်ခြင်းကို မထီမဲ့မြင်ပြုတတ်၏။ ဆုံးမသောစကားကို နားထောင်သောသူမူကား သမ္မာသတိနှင့်ပြည့်စုံတတ်၏” ဟု ဖော်ပြထား သည်။ ရှင်းရှင်းဆိုရလျှင် “အပြစ်တင်ခြင်းကို မုန်းသောသူသည် သေရမည်”(:၁၀)။ရှယ်လီကိုယ်တွေ့ကြုံခဲ့သလိုပင် မေတ္တာဖြင့်ပြောသော အမှန်တရားသည် ပေါင်းသင်းဆက်ဆံရေးအတွက် အသက်သစ်ကို ယူဆောင်လာပေးသည်။

သင်၏ဘဝတွင် ချစ်ခြင်းစကား၊ အသက်နှင့်ယှဉ်သော ဆုံးမစကားကို ပြောပြ‌ရမည့် တစ်စုံတစ်ယောက် ရှိနေပြီလား။ သို့မဟုတ် ပါးနပ်စွာ သတိပေးခံရပြီး ဒေါသနှင့်ပြန်တုံ့ပြန်လိုစိတ် (သို့) လျစ်လျူရှုလိုစိတ် ပြင်းပြနေပါသလား။ “ဆုံးမခြင်းစကားကို ပယ်သောသူသည် မိမိအသက်ဝိညာဉ်ကို မထီမဲ့မြင်ပြုရာရောက်၏။ နားထောင်သောသူမူကား ဉာဏ်ကိုရတတ်၏” (:၃၂)။ ယနေ့တွင် နှိမ့်ချခြင်းဖြင့် ဆုံးမစကားပြောနိုင်ရန်၊ ဆုံးမှုကိုခံယူနိုင်ရန် ဘုရားသခင်ထံမှအကူအညီ တောင်းခံပါ။