ဒေါက်တာ Gary Greenberg (ဂယ်ရီဂရင်းန်ဘာ့ခ်) ပုံကြီးချဲ့ကာ ဓာတ်ပုံရိုက်ထားသည့် ကမ္ဘာတစ်ဝန်းမှ သဲများ၏ပုံသဏ္ဌာန်သည် သတ္တုဆား၊ ခရုခွံနှင့် သန္တာ ကျောက်အစိတ်အပိုင်းများ၏ စိုပြေတောက်ပသည့်အရောင်အကွက်များနှင့် အံ့ဩစွဲမက်ဖွယ် ဖြစ်သည်။

သဲအကြောင်းကိုနားလည်ရန်မှာ ထင်သလောက်မလွယ်ကူကြောင်း သူတွေ့ရှိခဲ့သည်။ Arenology (သဲများလေ့လာခြင်းဗေဒ)တွင် သဲများ၏သတ္တုဆားပါ၀င်မှုကို အနုစိတ်ခွဲခြမ်းလေ့လာခြင်းဖြင့် တိုက်စားမှု၊ ကမ်းစပ်ရေစီးကြောင်းနှင့် ကမ်းရိုးတန်းအပေါ်၎င်းတို့၏သက်ရောက်မှုအလားအလာတို့ကိုပါ ဖော်ထုတ်နိုင်သည်။ သဲအနည်းငယ်‌မှပင် အလွန်အဖိုးတန်သည့် အချက်အလက်များကို ရရှိနိုင်သည်။

သဲတစ်ပွင့်ကဲ့သို့သော ဆုတောင်းချက်တစ်ခုသည်လည်း လေးနက်သောအရာဖြစ်နိုင်သည်။ နှုတ်ပတ်တော်တွင် ဘုရားသခင်၏နိုင်ငံတော် တည်လုနီးချိန်၌ဆုတောင်းခြင်း၏တန်ခိုးကို ဖော်ပြထားသည်။ ဗျာဒိတ်ကျမ်း ၈ တွင် “သန့်ရှင်းသူ အပေါင်းတို့၏ပတ္ထနာများ” ပါသည့် ရွှေလင်ပန်းကို ကိုင်ထားသည့် ကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်တော်ရှေ့၌ ရပ်နေသည်ကို ရှင်ယောဟန် တွေ့မြင်ခဲ့သည် (:၃)။ “ကောင်းကင်တမန်သည် လင်ပန်းကိုယူ၍ ယဇ်ပလ္လင်၏မီးနှင့် ပြည့်စေပြီးမှ မြေကြီးအပေါ်သို့ ချလိုက်သည်ဖြစ်၍ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီးလှုပ်ခြင်း ဖြစ်ကြ၏” (:၅)။

ကောင်းကင်တမန်သည် မီးနှင့်ပတ္ထနာများ အပြည့်ပါရှိသည့် ရွှေလင်ပန်းကို သွန်းလောင်းပြီးနောက် တံပိုးခုနှစ်လုံးရှိသော ကောင်းကင်တမန်ခုနှစ်ပါးတို့သည် ကမ္ဘာမြေ၏ နောက်ဆုံးသောကာလနှင့် ခရစ်တော်ပြန်ကြွလာချိန်တို့၏ ရှေ့ပြေး နိမိတ်ကိုပြလျက် “မှုတ်အံ့သောငှာ … ပြင်ဆင်ကြသည်” (:၆)။

မိမိ၏ဆုတောင်းချက်များသည် ဘာမှမပြောင်းလဲပေးနိုင်ဟု တစ်ခါတစ်ရံ ကျွန်ုပ်တို့ခံစားမိသော်လည်း ဆုတောင်းချက်တစ်ခုကိုမျှ ဘုရားသခင်လွတ်မသွားပါ။ ဘုရား၏နိုင်ငံတော်ကို ထူထောင်ရာတွင် ၎င်းတို့သည် ကဏ္ဍတစ်ခု၌ ပါ၀င်သည်ဖြစ်၍ ဆုတောင်းချက်များကို ဘုရားသခင်အလေးထားသည်။ ဘုရားနှင့်သာဆိုလျှင် အသေးဆုံးဟု ကျွန်ုပ်တို့ထင်သည့် ဆုတောင်းချက်ပင်လျှင် ကမ္ဘာမြေကြီးကို ကိုင်လှုပ်နိုင်စွမ်းရှိသည်။