အားလပ်ရက်ခရီးထွက်စဉ်က ကျွန်မနှင့်ကျွန်မအမျိုးသားတို့ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ရင်း လျော့ရိလျော့ရဲ ခြံခတ်ထားသော လေးထောင့်ကွက်သဲမြေထုကြီးကို အမှတ်မထင်တွေ့ခဲ့သည်။ ပင်လယ်လိပ်တစ်ကောင်စီ၏ ဥကျင်းများကို ကာကွယ်ရန် တာဝန်ယူထားသော လုပ်အားပေးအဖွဲ့နှင့် တစ်နေကုန် အလုပ်လုပ်ခဲ့ရကြောင်း လူငယ်တစ်ဦးက ရှင်းပြသည်။ ဥမှပေါက်သည်နှင့် လူသားများနှင့် အခြားတိရစ္ဆာန်များရှိနေမှုက ၎င်းတို့၏ရှင်သန်ရေးကို ခြိမ်းခြောက်နေပြီး အသက်ရှင်ရန်အခွင့်အလမ်း လျော့နည်းစေသည်။ “ကျွန်တော်တို့ အကောင်းဆုံးလုပ်တာတောင် သိပ္ပံပညာရှင်‌တွေရဲ့ခန့်မှန်းချက်အရ အကောင်ရေ (၅၀၀၀)မှာ တစ်ကောင်ပဲ အရွယ်ရောက်အကောင်ကြီးဘဝ ရောက်နိုင်တယ်” ဟု သူပြောပြခဲ့သည်။ သို့သော် ဆိုးရွားလှသည့် ဤကိန်းဂဏန်းကြောင့် ထိုလူရွယ် စိတ်မပျက်ပါ။ လိပ် အ‌‌ကောင်ပေါက်လေးများကို ကြင်နာစွာကြည့်ရှုလိုသည့် သူ၏စိတ်ပြင်းပြမှုသည် ပင်လယ်လိပ်များကိုချစ်ပြီး ကာကွယ်လိုသော ကျွန်မ၏စိတ်ဆန္ဒကို ပိုမိုအားကြီးစေခဲ့သည်။ဘုရားဖန်ဆင်းထားသည့် သတ္တဝါအားလုံးကို ဂရုစိုက်ရန် ဘုရားပေးတာဝန်ကို သတိပေးသည့် ပင်လယ်လိပ်လည်ဆွဲသီးကို ယခုကျွန်မဆွဲထားသည်။

ကမ္ဘာလောကကို ဘုရားသခင်ဖန်ဆင်းသည့်အခါ သတ္တဝါ‌အယောက်စီတိုင်းနေထိုင်ပြီး ရှင်သန်နိုင်သည့်နေရာကို သူပြင်ဆင်ပေးသည် (က ၁:၂၀-၂၅)။ ဘုရား သခင်သည် သူ့သဏ္ဌာန်ကိုဆောင်ယူသည့် လူသားများကို ဖန်ဆင်းပြီးသည့်အခါ “ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ သားယဉ်တို့ကိုလည်းကောင်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း (ကျွန်ုပ်တို့)အုပ်စိုး”ရန် (:၂၆) ကိုယ်တော်ရည်ရွယ်ခဲ့သည်။ ထာ၀ရဘုရားပေးထားသော လုပ်ပိုင်ခွင့်ကိုအသုံးချပြီး ကျယ်ပြောလှသော ဘုရား၏ဖန်ဆင်းခြင်းလက်ရာများကို စောင့်‌‌ရှောက်သည့် တာဝန်သိ ထိန်းသိမ်းကွပ်ကဲသူအဖြစ် အစေခံနိုင်အောင် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကူညီစောင်မပေသည်။