နောက်ဆုံးတော့ ကျွန်တော်၏ဖခင်လည်း အိုမင်းယိုယွင်းနိုင်ကြောင်းကို သဘောပေါက်နားလည်ခဲ့ရသည့်နေ့ရက် ရောက်လာခဲ့ပြီ။ ကလေးဘဝကအဖေ၏သန်မာမှုနှင့် စိတ်ဓာတ်ကြံ့ခိုင်ပုံတို့ကို ကျွန်တော်သိမြင်ခဲ့သည်။သို့သော် ကျွန်တော်အရွယ်ရောက်စ အစောပိုင်းနှစ်များတွင် သူ၏နောက်ကျော၌ ထိခိုက်ဒဏ်ရာရပြီးနောက် အဖေသည် တစ်ချိန်ချိန်တွင် ဆုံးပါးသွားနိုင်ကြောင်းကို ကျွန်တော်သဘောပေါက်လိုက်သည်။ အဖေ့ကိုရေချိုးခန်းသို့ တွဲခေါ်ခြင်း၊ အ၀တ်အစားကူလဲပေးခြင်းနှင့် ရေခွက်ကို ပါးစပ်ထိရောက်အောင် တေ့တိုက်ပေးရခြင်း စသည်ဖြင့် ကူညီနိုင်ရန် မိဘများနှင့် ကျွန်ဝောာ်အတူနေထိုင်ခဲ့သည်။ ထိုအရာများသည် အဖေ့ကို နှိမ့်ချစေသည်။ အသေးအမွှားအရာလေးများကို သူကိုယ်တိုင်လုပ်ဆောင်ရန် ကြိုးပမ်းမှုအချို့ရှိခဲ့သော်လည်း “မင်းရဲ့အကူအညီ မပါဘဲနဲ့ ငါဘာမှမလုပ်နိုင်တော့ဘူး” ဟု သူ၀န်ခံခဲ့ရသည်။ တဖြည်းဖြည်းနှင့် သူပြန်လည်သန်စွမ်းလာသော်လည်း ဤအတွေ့အကြုံက ကျွန်တော်တို့နှစ်ဦးစလုံးကို ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက် လိုအပ်ကြောင်း အရေးကြီးသည့်သင်ခန်းစာကို သင်ပေးခဲ့သည်။

ကျွန်တော်တို့ အချင်းချင်းကိုလိုအပ်နေစဥ်မှာပင် သခင်ယေရှုကို ပိုပြီးလိုအပ်သည်။ ရှင်ယောဟန်ခရစ်ဝင် ၁၅ တွင် စပျစ်နွယ်ပင်နှင့်အကိုင်းခက်သရုပ်က ကျွန်တော်တို့ ဆက်လက်ခံယူနေရသည့် ဥပမာဖြစ်သည်။ အခြားကျမ်းတစ်ပိုဒ်ကမူ ကျွန်တော်တို့ကို နှစ်သိမ့်မှုပေးသလို ကိုယ့်ကိုကိုယ် အားကိုးမှုကိုလည်း ထိုးနှက် သည်။ “ငါအကူအညီ မလိုဘူး” ဟူသည့်အတွေးက ကျွန်တော်တို့စိတ်ထဲ အလွယ်တကူ ၀င်ရောက်စေနိုင်သည့်အတွေးဖြစ်သည်။ သို့သော် သခင်ယေရှု၏စကားက ရှင်းသည်။ “ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ” (:၅)။ နောက်လိုက်တပည့်တော်တစ်ဦး၏ အဓိကအင်္ဂါရပ်များဖြစ်သည့် “ချစ်ခြင်း၊ ၀မ်း‌မြောက်ခြင်း၊ ငြိမ်သက်ခြင်း” (ဂလ ၅:၂၂) စသော အသီးမသီးနိုင်ခြင်းနှင့် စပ်လျဥ်း၍ သခင်မိန့်ကြားခြင်းဖြစ်ပါသည်။ အသီးသီးသောအသက်တာဖြစ်ရန် ကျွန်တော်တို့ကို သခင်ခေါ်ယူသည်။ သခင့်အပေါ် အပြည့်အ၀မှီခိုပါက ကြွယ်၀အောင်မြင်သောအသက်တာ၊ ဘုရားဘုန်းတော်အတွက် ရှင်သန်သောအသက်တာကို ရရှိလိမ့်မည် (ယော ၁၅:၈)။