တစ်ခါက ကမ္ဘာ့အသန်မာဆုံးလူသား ဟုလူထင်ရှားသော အမေရိကန်အလေးမသမား Paul Anderson (ပေါလ်အန်ဒါစန်)သည် ၁၉၆၅ ခုနှစ်၊ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘန်းမြို့ အိုလံပစ်ပွဲတော်၌ အဖျား (၁၀၃)ဒီဂရီနှင့် ပြင်းထန်သော နားအတွင်းပိုင်း ကူးစက်ဝေဒနာ ခံစားနေရသော်လည်း ကမ္ဘာ့စံချိန်တစ်ခုတင်နိုင်ခဲ့သည်။ သူသည် ရှေ့ပြေးနေသူ ပြိုင်ဖက်များကို မယှဥ်နိုင်ဘဲ သူ၏ ပထမ (၂) ကြိမ် အားထုတ်မှုမှာ ဆိုးရွားစွာရှုံးနိမ့်ခဲ့သဖြင့် ရွှေတံဆိပ်ဆုရရန်အတွက် တစ်ခုတည်းသော အခွင့်အရေးမှာ သူ၏တတိယအကြိမ် နောက်ဆုံးအားထုတ်မှု၌ ကမ္ဘာ့အိုလံပစ်စံချိန်သစ်တင်ရန်ဖြစ်သည်။

သို့နှင့် လူသန်အားကစားသမားသည် အားအနည်းဆုံးသူပင် လုပ်နိုင်သည့် အရာကို လုပ်ခဲ့သည်။ သူ၏တတ်စွမ်းနိုင်မှုကို စွန့်လျက် ဘုရားသခင်ထံမှ အထူးခွန်အားကို တောင်းခဲ့သည်။ “ဒါဟာ အပေးအယူလုပ်တာ မဟုတ်ပါဘူး။ ကျွန်တော် အကူအညီလိုအပ်တာလေ” ဟု နောက်ပိုင်း၌ သူပြောခဲ့သည်။ နောက်ဆုံးအကြိမ်ကြိုးပမ်းမှုတွင် သူ၏ဦးခေါင်းထက်၌ ပေါင် ၄၁၃.၅ (၁၈၇.၅ ကီလို)ကို မတင် နိုင်ခဲ့သည်။

ခရစ်တော်၏တမန်တော် ပေါလုက “ငါသည်အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ၏” (၂ ကော ၁၂:၁၀) ဟုရေးခဲ့သည်။ ရှင်ပေါလုသည် ဝိညာဥ်ရေးရာ ခွန်အားကို ပြောနေခြင်းဖြစ်သည်။ သို့သော် ဘုရားသခင်၏တန်ခိုးတော် သည် “အားနည်းခြင်းအဖြစ်၌ စုံလင်” ကြောင်း (:၉) သူသိသည်။

ပရောဖက်ဟေရှာယကြွေးကြော်သကဲ့သို့ “ထိုဘုရားသည် မောသောသူတို့အား ခွန်အားကို ပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏” (ဟေရှာ ၄၀:၂၉)။

ထိုခွန်အားကို မည်သို့ရရှိနိုင်မည်နည်း။ သခင်ယေရှု၌ ခိုင်မာစွာ တည်နေရန် ဖြစ်သည်။ “ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ” (ယော ၁၅:၅) ဟု သခင်ပြောသည်။ အလေးမသမား အန်ဒါစန် က “ကမ္ဘာ့အသန်မာဆုံး လူက ယေရှုခရစ်တော်ရဲ့တန်ခိုးမပါဘဲ နေ့တစ်နေ့ကို မဖြတ်သန်းနိုင်ဘူးဆိုရင် မင်းဘာပြောအုံးမလဲ”ဟု မကြာခဏပြောလေ့ရှိသည်။ အဖြေအတွက် အမြင်မှားနေသော မိမိ၏ကိုယ်ပိုင်ခွန်အားအပေါ် မှီခိုခြင်းကို စွန့်လွှတ်ပြီး၊ ဘုရားသခင်၏ ခိုင်ခံ့တည်မြဲသောအကူအညီကို တောင်းခံပါ။