(၁၆) ရာစုနှစ် ယုံကြည်သူ စပိန်နိုင်ငံ၊ အဗီလာမြို့မှ ထရီဇာ (Teresa of Avila)သည် တစ်နေ့၌ ဘုရားသခင်သည် အဘယ့်ကြောင့် နှိမ့်ချခြင်းကို လွန်စွာတန်ဖိုးထားသနည်းဟု ဆင်ခြင်ရင်း ရုတ်တရက် အဖြေကို သိရှိခဲ့သည်။ “အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အမြင့်မြတ်ဆုံးသော သမ္မာတရားဖြစ်ပြီး နှိမ့်ချခြင်းသည် အမှန်တရားဖြစ်သည်။ ကျွန်ုပ်တို့ထံမှ မည်သည့်ကောင်းသောအရာမျှ မစီးဆင်းပါ။ကောင်းသောအရာသည် မြစ်နားမှာစိုက်သောအပင်ကဲ့သို့ စိတ်ဝိညာဥ်တည်ရှိအမှီပြုနေသော ကျေးဇူးတော်မြစ်ရေမှ စီးဆင်းလာပြီး တရားတော်နေမင်းသည် ကျွန်ုပ်တို့၏ကျင့်ကြံပြုမူမှုများကို ရှင်သန်စေသည်။” ထရီဇာက “ဆုတောင်းခြင်းသည် နှိမ့်ချခြင်း၏အလုံးစုံ အုတ်မြစ်ဖြစ်သောကြောင့် ဆုတောင်းခြင်း၌ ကျွန်ုပ်တို့ ပို၍နှိမ့်ချလေလေ ဘုရားသခင်သည် ကျွန်ပ်တို့ကို ပို၍ ချီးမြောက်လိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဆုတောင်းခြင်းအားဖြင့် လက်တွေ့ဘဝ၌ မိမိကိုယ်ကို ကျောက်ချအခြေပြု ရှင်သန်ကြ၏”ဟု နိဂုံးချုပ်ခဲ့သည်။

နှိမ့်ချခြင်းနှင့်ပတ်သက်သော ထရီဇာ၏စကားများက ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၄ ရှိ ကျမ်းစကားကို ထင်ဟပ်ပြနေသည်။ ရှင်ယာကုပ်က ဘုရားရှင်၏ကျေးဇူးတော်၌ မှီခိုသောအသက်တာနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် မာန်မာန ထောင်လွှားခြင်းနှင့် တစ်ကိုယ်ကောင်းဆန်သောအတ္တစိတ်၏ ဖျက်ဆီးတတ်သောသဘာဝကို သတိပေးသည် (:၁-၆)။ သူအလေးအနက်ပြောသည့် လောဘလွန်ကျူးခြင်း၊ စိတ်ပျက်အားငယ်မှုနှင့် ပဋိပက္ခ မပြတ်ဖြစ်နေသည့် အသက်တာ အတွက် တစ်ခုတည်းသောအဖြေမှာ ဘုရားသခင်၏ကျေးဇူးတော်နှင့် ဖလှယ်ရန် အလို့ငှာ ကျွန်ုပ်တို့၏မာနများအတွက် နောင်တရရန် ဖြစ်သည်။ တစ်နည်းဆိုရသော် ဘုရားသခင်သည် သင့်အား ချီးမြှောက်မည်ဟုစိတ်ချလျက် “ဘုရားသခင်ရှေ့တော်၌ ကိုယ်ကိုကိုယ် နှိမ့်ချ”ရန်ဖြစ်သည် (:၁၀)။

ကျွန်ုပ်တို့သည် ကျေးဇူးတော်ရေ၌ အမြစ်တွယ်မှသာ “အထက်မှသက်ရောက်သော ပညာ”ဖြင့် (၃:၁၇) မိမိကိုယ်ကို ခွန်အား ဖြစ်စေနိုင်မည်။ ကိုယ်တော်၌သာ အမှန်တရား၏ချီးမြှောက်ခြင်းကို ကျွန်ုပ်တို့တွေ့နိုင်မည်ဖြစ်သည်။