၁၇၁၇ ခုနှစ်၊ အလွန်ပြင်းထန်သောမုန်တိုင်းက ရက်အတန်ကြာတိုက်ခတ်ခဲ့သဖြင့် မြောက်ပိုင်းဥရောပတလွှားတွင် ရေကြီးမှုဖြစ်ပွားစေခဲ့သည်။ နယ်သာလန်၊ ဂျာမနီနှင့် ဒိန်းမတ်နိုင်ငံတို့တွင် လူထောင်ပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးခဲ့ကြသည်။ သမိုင်းကိုပြန်ကြည့်လျှင် ထိုအချိန်က ပြည်နယ်အစိုးရတစ်ဖွဲ့၏ အလွန်ထူးခြားသော လုပ်ဆောင်ချက်ကို တွေ့ရသည်။ နယ်သာလန်နိုင်ငံ၊ ဒတ်ချ် မြို့တော် ဂရိုနင်ဂန်မြို့အစိုးရ၏ ကပ်ဘေးအပေါ်တုံ့ပြန်ချက်မှာ “ဆုတောင်းရာနေ့” သတ်မှတ်လိုက်ခြင်း ပင်ဖြစ်သည်။ မြို့သူမြို့သားများက ဘုရားကျောင်းတွင် စုဝေးကြကာ တရားဟောချက်များ နားထောင်၊ ဆာလံသီချင်းများဆို၍ နာရီများစွာ ဆုတောင်းခဲ့သည်။

ယုဒလူမျိုးတို့ကြုံရသော အလွန်ဆိုးဝါးသည့်ကပ်ဘေးက သူတို့ဆုတောင်း ရန် ပို့ဆောင်ခဲ့ကြောင်း ပရောဖက်ယောလလည်း ဖော်ပြခဲ့သည်။ မြောက်များစွာသော ကျိုင်းကောင်များက မြေပြင်ကို ဖုံးလွှမ်းလျက် “စပျစ်နွယ်ပင်ကို ဖျက်ဆီး၍ … သင်္ဘောသဖန်းပင်ကို ကျိုးပဲ့စေပြီ” (ယောလ ၁:၇)။ သူနှင့် သူ့လူများ ကပ်ဘေးနှင့် လုံးပန်းနေရစဉ် “ဘုရားရှင် ကယ်မရန်” ယောလဆုတောင်းခဲ့သည် (:၁၉)။ မြောက်ပိုင်းဥရောပတိုက်နှင့် ယုဒလူမျိုးများသည် အပြစ်နှင့် ယိုယွင်းသည့်ကမ္ဘာကြီးမှ အစပြုလာသောကပ်ဘေးများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက် ၍သော်လည်းကောင်း ကြုံတွေ့ခဲ့ရသည် (က ၃:၁၇-၁၉၊ ရော ၈:၂၀-၂၂)။ သို့သော် ထိုအချိန်များက သူတို့အား ဘုရားသခင်ကိုရှာပြီး ဆုတောင်းပတ္ထနာပြုရန်တွန်းပို့ခဲ့ကြောင်း သူတို့နားလည်ခဲ့ရသည် (ယောလ ၁:၁၉)။ ဘုရားသခင်က “စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့” (၂:၁၂) ဟု မိန့်မှာခဲ့သည်။

ထို့နည်းတူ ဒုက္ခဝေဒနာကပ်ဘေးများကို ကျွန်ုပ်တို့လည်း တွေ့ကြုံရစဉ် ဝမ်းနည်းခြင်းနှင့်ဖြစ်စေ၊ နောင်တရစိတ်နှလုံးနှင့်ဖြစ်စေ ဘုရားသခင်ထံပြန်လာတတ်ပါစေ။ “ချစ်သနားခြင်းမေတ္တာကရုဏာနှင့် ပြည့်စုံ”သောဘုရားရှင်က (:၁၃) ကျွန်ုပ်တို့ကို သူ့ထံသို့ဆွဲခေါ်ပြီး ကျွန်ုပ်တို့လိုအပ်သည့် နှစ်သိမ့်ခြင်းနှင့် မစမှုအကူအညီကို ပေးတော်မူမည်။