Annie Johnson Flint (အယ်နီဂျွန်ဆန်ဖလင့်)သည် အထက်တန်းကျောင်းအောင်ပြီး မကြာမီ အဆစ်မြစ်ရောင်ရောဂါ ပြင်းထန်မှုကြောင့် မသန်စွမ်းဖြစ်ခဲ့သည်။ သူမသည် ဘယ်တော့မှ လမ်းမလျှောက်နိုင်တော့ဘဲ သူ့လိုအပ်မှုကို ကူညီလုပ်ဆောင်ပေးရန် အခြားသူအပေါ် မှီခိုခဲ့ရသည်။ သူမစပ်ဆိုရေးသားသည့် ကဗျာနှင့်ဓမ္မတေးများကြောင့် ဧည့်သည်များစွာကို သူမတွေ့ဆုံရပြီး၊ ၎င်းတို့အနက် အမှုတော်လုပ်ငန်း၌ စိတ်ဓာတ်ကျနေသည့် အမှုတော်ဆောင်ဆရာမတစ်ဦးလည်း ပါဝင်ခဲ့သည်။ ထိုဆရာမ အိမ်ပြန်ရောက်သော် ဘဝတွင် ဤမျှခက်ခဲသောအရာများကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုထားသနည်းဟု အယ်နီ့ ထံ စာရေးပေးပို့ခဲ့သည်။

ထိုစာကို တုံ့ပြန်သည့်အနေဖြင့် အယ်နီက ကဗျာတစ်ပုဒ်ကို ပေးပို့ခဲ့သည်။ “ကောင်းကင်ကြီး အမြဲပြာပြီးသာယာနေမယ်၊ ဒို့ဘဝများလည်း အမြဲပန်းခင်းလမ်းဖြစ်မယ်လို့ ဘုရားသခင် ကတိမပေးထားပါ။ ၎င်းအစား စုံစမ်းခြင်းများအတွက် ကျေးဇူးတော်နှင့် အထက်အရပ်မှမစမှု၊ မကုန်ခန်းသောကရုဏာတော်နှင့် မကုန်ဆုံးသောမေတ္တာတော်ကို ပေးမည်ဟု ကိုယ်တော်ကတိပြုခဲ့သည်။” ဆင်းရဲဒုက္ခကို သူမ မကြာခဏကြုံတွေ့ရသော်လည်း ဘုရားရှင်သည် သူချစ်သောသူများကို ဘယ်တော့ မှ မစွန့်ပစ်ကြောင်း သူသိသည်။ ထိုကဗျာသည် ‘What God hath promised’ (ဘုရားသခင်ကတိထားသည်မှာ) ဟူသော ဓမ္မတေး၏ စာသားများပင်ဖြစ်သည်။

မောရှေသည်လည်း ဒုက္ခနှင့်အငြင်းပွားမှုများ ကြုံတွေ့ခဲ့ရသော်လည်း သူနှင့်အတူ ဘုရားရှင်ရှိကြောင်းကို သူသိသည်။ ယောရှုအား ဣသရေလလူမျိုးတို့၏ ခေါင်းဆောင်အရာကို လွှဲပြောင်းပေးသောအခါ “အားယူ၍ ရဲရင့်ခြင်းရှိကြလော့။ … ထာဝရဘုရားသည် သင်တို့ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူမည်” (တရား ၃၁:၆)ဟုလည်းကောင်း၊ ဣသရေလလူမျိုးတို့သည် ကတိတော်ပြည်သို့ ဝင်၍သိမ်းပိုက်စဉ် ကြီးစွာသောရန်သူတို့နှင့် ရင်ဆိုင်ရမည်ကို သိ၍ “မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်” (:၈) ဟု ‌ေယောရှုအား မောရှေ မိန့်မှာခဲ့သည်။

ခရစ်တော်၏တပည့်တော်များသည် အခက်အခဲရင်ဆိုင်ရမည်ဖြစ်သော်လည်း ကျွန်ုပ်တို့ကိုခွန်အားပေးရန် ဘုရားသခင်၏ဝိညာဉ်တော်ရှိနေပြီး ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဘယ်တော့မှ စွန့်ပစ်မည် မဟုတ်ပေ။