Merryn (မယ်ရင်း)နှင့်ကျွန်တော်၏ (၂၂) နှစ်ကြာ အိမ်ထောင်ရေးသည် မည်သို့အဆင်ပြေခဲ့သည်ကို တစ်ခါတစ်ရံတွေးမိသည်။ ကျွန်တော်က စာရေးဆရာ၊ သူမက စာရင်းအင်းပညာရှင်။ ကျွန်တော့်အလုပ်က စကားလုံးများနှင့်သက်ဆိုင်ပြီး သူမက ကိန်းဂဏန်းကိုင်ရသည်။ ကျွန်တော်က အလှအပကိုဦးစားပေးပြီး သူမက လက်တွေ့ကျမှုကို နှစ်သက်သည်။ ကျွန်တော်တို့သည် ဆန့်ကျင်ဘက်ဖြစ်ကြသည်။

မယ်ရင်းသည် ချိန်းထားသောနေရာသို့ စောရောက်တတ်ပြီး ကျွန်တော်က တော့ နောက်ကျလေ့ရှိသည်။ အစားအသောက်မီနူးတွင် ကျွန်တော်က စားစရာအသစ်ကို စမ်းစားကြည့်တတ်သော်လည်း သူမကတော့ ပုံမှန်စားနေကျကိုသာ မှာလေ့ရှိသည်။ ပန်းချီပြခန်းတွင် မိနစ် (၂၀) အကြာခန့်မှ ကျွန်တော် စကြည့်မည်ရှိသေး၊ သူမက အောက်ထပ် ကဖေးဆိုင်တွင် ကျွန်တော်နောက်ထပ် မည်မျှကြာဦးမည်နည်းဟု တွေးနေပြီဖြစ်သည်။ သည်းခံခြင်းကို သင်ယူရန် ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် အခွင့်ရေးများစွာ ပေးခဲ့ကြသည်။

ဟာသဉာဏ်ရွှင်ခြင်း၊ ခရီးသွားရခြင်းကို နှစ်သက်ခြင်း၊ ရွေးချယ်မှုပြုရမည့်အချိန်၊ အပေးအယူလုပ်ရန် လိုချိန်များ၌ ဆုတောင်းရန် တူညီနေသောခံယူချက် ရှိခြင်းတို့က ကျွန်တော်တို့၏တူညီချက်များပါ။ ဤတူညီသောအခြေခံကြောင့် ကွဲပြားမှုများက ကျွန်တော်တို့အတွက် အားသာချက်ဖြစ်သွားသည်။ ကျွန်တော် စိတ်အပန်းဖြေတတ်အောင် မယ်ရင်းက ကူညီပေးခဲ့ပြီး၊ ကျွန့်တော်က သူ့ကိုပို၍ စည်းကမ်းရှိလာအောင် ကူညီပေးခဲ့သည်။ မတူညီမှုများကို ညှိနှိုင်းလုပ်ဆောင်ခြင်းက ကျွန်တော်တို့ကို ယခင်ကထက်ပို၍ကောင်းမွန်သောသူများ ဖြစ်လာစေသည်။

ရှင်ပေါလုသည် ကောင်းကျိုးအတွက် အသင်းတော်ကို အိမ်ထောင်တစ်ခုအဖြစ် တင်စားခဲ့သည် (ဧ ၅:၂၁-၃၃)။ အိမ်ထောင်တစ်ခုကဲ့သို့ပင် အသင်းတော်သည် မတူညီသောသူများကို စုစည်းလျက် နှိမ့်ချမှုနှင့်စိတ်ရှည်မှုတို့ကို တည်ဆောက်ရန်၊ “တစ်ဦးနှင့်တစ်ဦးကို မေတ္တာနှင့် သည်းခံရန်” တောင်းဆိုသည် (၄:၂)။ အိမ်ထောင်မှာကဲ့သို့ပင် တူညီသောယုံကြည်ချက်နှင့် အပြန်အလှန်အစေခံခြင်း အခြေခံသည် အသင်းတော်ကို စည်းလုံးပြီး ရင့်ကျက်လာစေရန် ကူညီမစပေသည် (:၁၁-၁၃)။

ဆက်ဆံရေးများတွင် မတူကွဲပြားမှုများသည် ကြီးစွာသော စိတ်ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေသည်။ သို့သော် ၎င်းကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းဖြင့် ကျွန်ုပ်တို့ ခရစ်တော်၏ပုံသဏ္ဌာန်နှင့် ပို၍ တူလာအောင် မစလိမ့်မည်။