(၇) နှစ်သားေလေး Thomas Edison (သောမတ်စ် အယ်ဒီဆင်)သည် ကျောင်းကို မနှစ်သက်သလို စာလည်း မတော်ပါ။ တစ်နေ့၌ ဆရာတစ်ဦးမှ သူ့ကို “ကျပ်မပြည့်” ဟုပင်ခေါ်သဖြင့် သူသည် ဆောင့်ကြီးအောင့်ကြီးဖြင့် အိမ်ပြန်လာခဲ့သည်။ ဆရာဖြစ် သင်တန်း အောင်ထားသူ သူ့မိခင်က နောက်တစ်နေ့တွင် ဆရာနှင့်သွားတွေ့ပြီးနောက် သောမတ်စ်ကို အိမ်၌ပင် စာသင်ပေးရန် ဆုံးဖြတ်ခဲ့သည်။ သူမ၏မေတ္တာနှင့်အားပေးကူညီမှုများ (နှင့် သူ့အား ဘုရားသခင်ပေးထားသောပညာပါရမီ) တို့ကြောင့်သောမတ်စ်သည် ထူးချွန်သောတီထွင်သူတစ်ဦးဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် သူက “ကျွန်တော့် ဖြစ်တည်မှုရဲ့အရင်းခံ၊ ကျွန်တော့်ကိုပုံသွင်းခဲ့တဲ့သူက ကျွန်တော့် အမေဖြစ်တယ်။ ကျွန်တော့်အပေါ် အမေ့အမြင်က သိပ်မှန်ကန်၊ သိပ်သေချာနေခဲ့တယ်။ တစ်စုံတစ်ယောက်အတွက် ငါဆက်ပြီးအသက်ရှင်ရမယ်။ အဲ့လူကိုလည်း ဘယ်တော့စိတ်မပျက်စေရဘူးဆိုပြီး ကျွန်တော်ခံစားခဲ့ရတယ်” ဟု ရေးသားခဲ့သည်။
တမန်တော်ဝတ္ထု ၁၅ တွင် သာသနာပြုအဖြစ် ဗာနဗနှင့် တမန်တော်ရှင်ပေါလုတို့သည် အတူအစေခံသူများဖြစ်ပြီး၊ ခရီးစဥ်တစ်ခုတွင် ယောဟန်မာကုကို ခေါ်မည်၊ မခေါ်မည်အရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲခဲ့ကြသည်။ မာကုသည် အစောပိုင်းက ပံဖုလိပြည်သို့မလိုက်သွားခြင်းကြောင့် (:၃၆-၃၈) ပေါလုက ကန့်ကွက်ခြင်းဖြစ်သည်။ ထို့ကြောင့် ပေါလုနှင့် ဗာနဗ လမ်းခွဲသွားပြီး၊ ပေါလုက သိလကိုခေါ်၍ ဗာနဗက မာကုကို ခေါ်သွားလေသည်။ ဗာနဗသည် မာကုကို ဒုတိယအကြိမ် အခွင့်အရေးပေးလိုခြင်းဖြစ်ပြီး၊ သူ၏အားပေးမှုက မာကုအတွက် အစေခံနိုင်စွမ်းနှင့် သာသနာပြုအဖြစ် အောင်မြင်စွာ အမှုတော်ထမ်းစေခဲ့သည်။ နောက်ပိုင်းတွင် သူသည် ရှင်မာကုခရစ်ဝင်ကိုရေးသားခဲ့ပြီး၊ ပေါလုထောင်ကျနေချိန်၌ပင် သူ့အတွက်နှစ်သိမ့်မှုဖြစ်စေခဲ့သည် (၂ တိ ၄:၁၁)။
ကျွန်ုပ်တို့အများစုအနေဖြင့် နောက်ကြောင်းပြန်ကြည့်လျှင် ဘဝတစ်လျှောက် ကျွန်ုပ်တို့ကို အားပေးကူညီပြီး မစပေးခဲ့သူတစ်ဦးရှိကြောင်း ပြောနိုင်ပါသည်။ သင့်အသက်တာ၌ တစ်စုံတစ်ဦးအတွက် အလားတူလုပ်ဆောင်ရန် ဘုရားရှင် သင့်အား ခေါ်နေမည်။ မည်သူ့ကို သင်အားပေးတိုက်တွန်း မစပေးမည်နည်း။