‘Over the Rhine’ (‘ရိုင်း’မြစ်ပေါ်တွင်)ဟု ခေါ်သည့် လျှပ်စစ်ဂီတာ နှစ်ဦးတွဲအဖွဲ့မှ တေးရေး၊ တေးဆို Linford Detweiler (လင်းဖို့တ် ဒက်ဝှီးလာ) က “ငယ်ရွယ်တဲ့အနုပညာရှင်တစ်ယောက် မေးတတ်တဲ့မေးခွန်းအမျိုးမျိုးရှိတယ်။ တစ်ခုကတော့ ငါနာမည်ကြီးအောင် ဘာလုပ်ရမလဲ ဆိုတာပဲ” ဟု ဆိုသည်။ သူက ထိုသို့သောရည်မှန်းချက်မျိုးသည် အတွင်းအပြင် နှစ်ဘက်လုံးမှ ပျက်စီးရာပျက်စီးကြောင်းအမျိုးမျိုးကို ဖိတ်ခေါ်သည်ဟု သတိပေးသည်။ သူနှင့်သူ့ဇနီးကမူ ပလွှားမှုမရှိသောဂီတလမ်းကိုရွေးချယ်ခဲ့ပြီး ထိုလမ်းမှတစ်ဆင့် “ဘဝသက်တမ်းတစ်လျှောက်လုံး အစဥ်မပြတ် ကြီးထွားရင့်ကျက်လာကြသည်”။

ယောယဒသည် မှတ်မိလွယ်သောနာမည်မျိုး မဟုတ်သော်လည်း ၎င်းသည်ဘုရားသခင်ထံသို့ တစ်ဘဝလုံးဆက်ကပ်ထားမှုနှင့် ဆက်စပ်နေသည်။ သူသည်ယောရှဘုရင်အုပ်စိုးစဥ်က ယဇ်ပုရောဟိတ်အဖြစ် တာဝန်ထမ်းခဲ့ပြီး သူ့ကြောင့်ပင် ယောရှမင်းသည် ကောင်းမွန်စွာ အုပ်ချုပ်ခဲ့သည်။

ယောရှဘုရင် (၇)နှစ် အရွယ်မှာပင် ယောရှအား ဘုရင်စစ်ဘုရင်မှန်အဖြစ် မင်းမြှောက်ရာတွင် ယောယဒက ကူညီပေးခဲ့သည် (၄ ရာ ၁၁:၁-၁၆)။ သို့သော် ယင်းသည် အာဏာလုယူခြင်း မဟုတ်ပါ။ ယောရှမင်း၏နန်းတက်ပွဲ၌ သူက “ရှင်ဘုရင်နှင့်လူများတို့သည် ထာဝရဘုရား၏လူဖြစ်ရမည်အကြောင်း ထာဝရ ဘုရားနှင့် ပဋိညာဥ်ဖွဲ့စေ၏” (:၁၇)။ ယောယဒသည် ကတိတည်၍ အလွန်လိုအပ်နေသောပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သည်။ “ယောယဒ လက်ထက် ကာလပတ်လုံး ဗိမာန်တော်၌ မီးရှို့ရာယဇ်ကို အစဥ်ပူဇော်ကြ၏” (၆ ရာ ၂၄:၁၄)။ ယောယဒ၏ဆက်ကပ်မှုကြောင့် သူကွယ်လွန်သောအခါ “ဒါဝိဒ်မြို့မှာ ရှင်ဘုရင်တို့တွင် သဂြိုလ်ခြင်းကို ခံ”ခဲ့ရသည် (:၁၆)။

ဆရာ Eugene Peterson (ယူဂျင်းပီတာဆန်)က ထိုသို့ ဘုရားသခင်ကို ဗဟိုပြုသောအသက်တာအား “ဦးတည်ချက် တစ်ခုတည်း၌ ကြာမြင့်အားကောင်း သည့် နာခံမှု” ဟုခေါ်ပါသည်။ ကျော်ကြားမှု၊ အာဏာနှင့် မိမိ၏လိုအင်လိုဘကိုသာ ဖြည့်ဆည်းရန် တစ်ဘက်စောင်းနင်းလိုလားသော ကမ္ဘာကြီးတွင် ထိုသို့သောနာခံမှုမျိုးသည် သိသာထင်ပေါ်နေသည်။