ဇက်ခ်အယ်လ်ဒါနှင့်သူငယ်ချင်းများသည် အမေရိကန်နိုင်ငံရှိ Grand Canyon (ဂရန်းကင်ယွန်) ချောက်ကြီးကိုဖြတ်၍ (၂၅)ရက်ကြာ ဖောင်စီးခရီးနှင်ခဲ့ပြီး ကမ်းကပ်ခဲ့ကြသည်။ ဖောင်ပြန်သိမ်းရန်ရောက်လာသူက ကိုဗစ်-၁၉ ရောဂါအကြောင်း ပြောပြသောအခါ သူရယ်စရာပြောနေခြင်းဟု သူတို့ထင်ခဲ့ကြသည်။ သို့သော် ထိုနေရာမှထွက်ခွာလာသောအခါ သူတို့ဖုန်းထဲသို့ မိဘများပို့လာသည့် အရေးတကြီးသတင်းများ ဝင်လာသည်။ ဇက်ခ်နှင့်သူငယ်ချင်းတို့ ကြက်သေသေသွားသည်။ ယခုသိထားသောသတင်းကို လွှဲရှောင်ရန် သူတို့လာလမ်းဖြစ်သော မြစ်ဆီသို့ပြန်သွားနိုင်လျှင် အကောင်းသားဟု သူတို့တောင့်တမိသည်။

ယိုယွင်းပျက်စီးသောကမ္ဘာ၌ အသိပညာက နာကျင်မှုကို မကြာခဏ ယူဆောင်လာတတ်သည်။ အမြော်အမြင်ရှိသော ဒေသနာကျမ်းဆရာက “ပညာများလျှင်၊ ငြိုငြင်စရာအကြောင်းများ၏။ သိပ္ပံအတတ်တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏” (၁:၁၈)ဟု တွေ့ရှိနားလည်ခဲ့သည်။ ဘာမှမသိ၊ အပူအပင်မရှိဘဲ ပျော်ရွှင်စရာကောင်းသောကလေးဘဝကို အားမကျသူ မည်သူရှိသနည်း။ လူမျိုးရေးခွဲခြားမှု၊ အကြမ်းဖက်မှုနှင့် ကင်ဆာရောဂါအကြောင်းများ သူမသိသေး ပါ။ ကျွန်ုပ်တို့အရွယ်မရောက်မီ၊ မိမိတို့၏အားနည်းချက်များနှင့် အကျင့်ဆိုးများကို ပိုင်းခြား၍ မသိမြင်လာမီက၊ ဦးလေးဘာကြောင့် အရက် အလွန်အကျွံသောက်သလဲ၊ ဘာကြောင့်မိဘများ ကွာရှင်းပြတ်စဲကြသလဲ စသည့် မိသားစုအတွင်းရေး လျို့ဝှက်ချက်များကို မသိမီက ကျွန်ုပ်တို့ပို၍ပျော်ရွှင်ခဲ့ကြသည် မဟုတ်ပါလား။

သိမြင်မှုဝေဒနာ၏နာကျင်ခြင်းကို ပယ်ဖျောက်နိုင်ရန် ကျွန်ုပ်တို့တောင့်တမိသော်လည်း မရပါ။ တစ်စုံတစ်ရာကို သိခဲ့ပြီးနောက် မသိသကဲ့သို့ ဟန်ဆောင်ခြင်းကလည်း အသုံးမဝင်၊ အဆင်မပြေပါ။ သို့သော် အဆင့်မြင့်အသိပညာတစ်ခုက ကျွန်ုပ်တို့ကိုခံနိုင်ရည်ရှိရန်သာမက ရှင်သန်ကြီးထွားနိုင်အောင် ခွန်အားပေးသည်။ သခင်ယေရူသည် ဘုရားသခင်၏နှုတ်ကပတ်တော်၊ ကျွန်ုပ်တို့၏အလင်းဖြစ်သည် (ယော ၁:၁-၅)။ “ထိုသခင်မူကား၊ ဘုရားသခင်စီရင်တော်မူသည့်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်း ဖြစ်တော်မူ၏” (၁ ကော ၁:၃၀)။ သင်၏နာကျင်မှုဝေဒနာက သခင်ယေရှုထံပြေးရန် သင်၏အကြောင်းပြချက်ဖြစ်သည်။ သင့်ကို ကိုယ်တော်သိပြီး ဂရုစိုက်တော်မူသည်။