ကျွန်ုပ်တို့ဇနီးမောင်နှံသည် နံရံထူပြီး မှန်ပြတင်းပေါက်ကြီးများနှင့် ဆောက်ထားသည့် ချစ်စရာ ကမ်းခြေဟိုတယ်အိုကြီးတစ်ခုတွင် တည်းခိုခဲ့ဖူးသည်။ တစ်ခုသောနေ့လည်ခင်း၌ ထိုဒေသသို့ မုန်တိုင်းဝင်ရောက်ခဲ့ပြီး ပင်လယ်လှိုင်းများအလိပ်လိပ်ထကာ စိတ်ဆိုးမာန်ဆိုးဖြင့် တံခါးကိုထုရိုက်သကဲ့သို့ ကျွန်ုပ်တို့အခန်း၏ပြတင်းကို ရိုက်ခတ်ခဲ့သည်။ သို့ရာတွင် ကျွန်ုပ်တို့မှာ တည်တည်ငြိမ်ငြိမ်ပင်ရှိခဲ့သည်။ အခန်းနံရံများမှာ အလွန်ခိုင်ခံ့ပြီး ဟိုတယ်၏အုတ်မြစ်များမှာလည်း ခိုင်ခံ့မာကြောလှသည်။ အပြင်ဘက်တွင် မုန်တိုင်းထန်စဥ် ကျွန်ုပ်တို့အခန်းမှာ လုံခြုံသောခိုလှုံရာဖြစ်ခဲ့သည်။
သမ္မာကျမ်းစာတွင် ခိုလှုံရာသည် အရေးပါသည့်အကြောင်းအရာဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင်အားဖြင့် အစပြုသည်။ “ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ၊ ငတ်မွတ်သောသူအမှုရောက်သည်ကာလ၌ ခိုလှုံရာ … မိုးသက်မုန်တိုင်းလွတ်ရာ … ဖြစ်တော်မူ၏” (ဟေရှာ ၂၅:၄)ဟု ဟေရှာယပြောခဲ့သည်။ ထိုအပြင် ဣသရေလတို့၏ရှေးခိုလှုံရာမြို့များ (တော ၃၅:၆) မှတစ်ဆင့်၊ အကူအညီလိုအပ်နေသည့် “ဧည့်သည်အာဂန္တု”တို့အား ဧည့်ဝတ်ပြုခြင်းအားဖြင့် (တရား ၁၀:၁၉) ဘုရားသခင်၏လူတို့သည် ခိုလှုံရာနေရာ ပံ့ပိုးပေးရန်လည်း တာဝန်ရှိသည်။ ယနေ့ ကမ္ဘာတွင် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းများကြုံတွေ့ရချိန်၌လည်း ထိုနိယာမများက ကျွန်ုပ်တို့အား လမ်းညွှန်မှုပေးနိုင်သည်။ ထိုအချိန်တွင် အားနည်းထိခိုက်လွယ်သူများကို ကွယ်ကာပေးရန် ဘုရား၏လူများဖြစ်သည့် ကျွန်ုပ်တို့အား ခိုလှုံရာအရှင် ဘုရားသခင်က အသုံးပြုပါမည့်အကြောင်း ဆုတောင်းပါသည်။
ကျွန်ုပ်တို့ တည်းခိုသည့်ဟိုတယ်အား ရိုက်ခတ်ခဲ့သောမုန်တိုင်းမှာ နောက်နေ့ မနက်တွင် ပျောက်ကွယ်သွားပြီး၊ တည်ငြိမ်သည့်ပင်လယ်ပြင်၊ ပျော်မြူးနေသည့် ဇင်ယော်ငှက်များနှင့် နွေးထွေးသည့် နေရောင်ခြည်ကို ကျွန်ုပ်တို့ပြန်ခံစားခဲ့ရသည်။ သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့ရသူများ (သို့) ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်သူတို့လက်မှ ထွက်ပြေးရသူတို့အကြောင်း စဥ်းစားမိသောအခါ ၎င်းသည် ကျွန်ုပ်မြင်ယောင်စွဲကိုင်မိသည့် ပုံရိပ်ဖြစ်ပြီး (ဟေရှာ ၂၅:၄) ထိုသူတို့အား လုံခြုံကွယ်ကာရာနှင့် တောက်ပသည့်အနာဂတ်ကို ကူရှာေပေးနိုင်ရန် ခိုလှုံရာအရှင် ဘုရားသခင်သည် ကျွန်ုပ်တို့အား ခွန်အားပေးမည့်ပုံရိပ်ပင်ဖြစ်သည်။