ရောမဧကရာဇ် Constantine (ကွန်စတန်တိုင်း) (အေဒီ ၂၇၂-၃၃၇)သည် သူ့ဘဝအချိန်အများစုတွင် ရုပ်တုကိုးကွယ်သူအဖြစ် အသက်ရှင်ခဲ့သော်လည်း ခရစ်ယာန်များအား စနစ်ကျကျ ညှဥ်းပန်းနှိပ်စက်မှုကို အဆုံးသတ်စေခဲ့သည့် ပြုပြုပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သည်။ သူသည် ကျွန်ုပ်တို့အသုံးပြုနေသည့် ပြက္ခဒိန်ကိုလည်း အတည်ပြုပြဌာန်းပေးကာ ကမ္ဘာ့သမိုင်းကို BC (before Christ – ခရစ်တော်မပေါ်မီ) နှင့် AD (anno Domini (သို့) “in the year of the Lord” – သခင်ဘုရား၏နှစ်ကာလ)ဟူ၍ ပိုင်းခြားသတ်မှတ်ပေးခဲ့သည်။

၎င်းကို ဘာသာရေးကင်းမဲ့သော လောကီအသုံးအနှုန်းသို့ ပြောင်းလဲလိုက်သည့် အခါ CE (Common Era – သာမန်ခေတ်ကာလ)နှင့် BCE (before the Common Era – သာမန်ခေတ်ကာလမတိုင်မီ) ဟုပြောင်းသွားသည်။ အချို့က ထိုလုပ်ရပ်သည် ဘုရားရှင်အား လောကမှပယ်လိုက်ခြင်း၏ နောက်ဥပမာတစ်ခုဟု ထောက်ပြသည်။

သို့ရာတွင် ဘုရားသခင်သည် မည်သည့်နေရာကိုမှ ထွက်မသွားခဲ့ပါ။ အခေါ်အဝေါ် မည်သို့ပင်ရှိစေကာမူ ပြက္ခဒိန်သည် ကမ္ဘာမြေတွင် သခင်ယေရှုသက်တော် ထင်ရှားရှိခဲ့သည့် လက်တွေ့ကာလကို ဗဟိုပြုထားဆဲပင်ဖြစ်သည်။

သမ္မာကျမ်းတွင် ဧသတာဝတ္ထုသည် သာမန်မဟုတ်ဘဲ ဘုရားသခင်အကြောင်း တိကျသည့် ဖော်ပြချက်တစ်ခုမှ မပါရှိပေ။ သို့ရာတွင် ထိုဝတ္ထုက ဘုရားသခင်၏ ကယ်လွှတ်ခြင်းအကြောင်းကို ဖော်ပြသည့်အကြောင်းတစ်ခု ဖြစ်သည်။ ဣသရေလ လူမျိုးတို့သည် ဇာတိမြေမှ ဖမ်းဆီးသိမ်းသွားခြင်းခံခဲ့ရပြီးနောက် ဘုရားသခင်အား အလေးမထားသည့်တိုင်းပြည်တွင် နေထိုင်ခဲ့ရသည်။ တန်ခိုးအာဏာကြီးသည့် အုပ်ချုပ်သူအရာရှိက သူတို့အားလုံးကိုသတ်လိုသည် (ဧသ ၃:၈-၉၊ ၁၂-၁၄)။ မိဖုရားဧသတာနှင့်သူ၏ဝမ်းကွဲအစ်ကို မော်ဒကဲတို့အားဖြင့် ဘုရားရှင်သည် သူ၏လူမျိုးတော်အား ကယ်တင်ခဲ့ပြီး ထိုအကြောင်းကို အစွဲပြု၍ ဂျူးလူမျိုးတို့၏ အားလပ်ရက်ဖြစ်သော ပုရနေ့ကို ယနေ့တိုင် ကျင်းပဆင်နွှဲနေဆဲဖြစ်သည် (၉:၂၀-၃၂)။

ယခုအချိန်တွင် လောကကြီးက သူ့အားမည်သည့်ပုံစံဖြင့် တုံ့ပြန်ပါစေ၊ သခင်ယေရှုက အရာအားလုံးကို ပြောင်းလဲခဲ့သည်။ စစ်မှန်သည့်မျှော်လင့်ခြင်းနှင့် ကတိတော်တို့ဖြင့် ပြည့်သော ပုံမှန်မဟုတ်ထူးခြားသည့် ခေတ်ကာလကို သခင်က ကျွန်ုပ်တို့အား ပြညွှန်ပေးခဲ့သည်။ ကျွန်ုပ်တို့ မိမိအနီးဝန်းကျင်ကို သတိပြုကြည့်ရန်သာ လိုသည်။ ထိုအခါ သခင့်ကို ကျွန်ုပ်တို့ တွေ့မြင်ရပါလိမ့်မည်။