၂၀၀၁ ခုနှစ် စက်တင်ဘာလ (၁၁) ရက်တွင် ကမ္ဘာ့ကုန်သွယ်ရေးမျှော်စင် တိုက်ခိုက်ခံရပြီး ပြိုလဲသွားသောအခါ Greg Rodriguez (ဂရိတ်ရိုဒရီဂတ်စ်)သည် အပျက်အစီးများကြားတွင် သေဆုံးခဲ့သည့် ဓားစာခံတစ်ဦးဖြစ်သည်။ သူမိခင် Phyllis (ဖိလစ်)နှင့် ဖခင်တို့ ကြေကွဲခံစားရစဥ်မှာပင် ထိုသို့ ဆိုးရွားကြောက်မက်ဖွယ်တိုက်ခိုက်မှုအပေါ် သူတို့၏တုံ့ပြန်မှုကိုလည်း သတိထား ဆင်ခြင်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဖိလစ်သည် အကြမ်းဖက်သမားများကို ကူညီခဲ့သည်ဟုစွပ်စွဲခံရသူတစ်ဦး၏ မိခင်ဖြစ်သူ Aicha el-Wafe (အိုင်ချာအဲဝါဖီ)နှင့် တွေ့ခဲ့သည်။ ဖိလစ်က “ကျွန်မသူ့ဆီကို လက်ဆန့်တန်းပြီး အနားတိုးသွားလိုက်တယ်။ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက်ဖက်ပြီး ငိုမိတယ်။ အိုင်ချာနဲ့ ကျွန်မကြားမှာ တိုက်ရိုက်နှောင်ဖွဲ့မှုရှိနေတယ်။ ကျွန်မတို့သားတွေနဲ့ပတ်သက်ပြီး ကျွန်မတို့ခံစားခဲ့ရတယ်လေ” ဟု ပြောခဲ့သည်။
ဖိလစ်သည် တူညီသောနာကျင်မှု၊ ဝမ်းနည်းကြေကွဲမှုဖြင့် အိုင်ချာနှင့် ဆုံခဲ့ရသည်။ သူ့သားသေဆုံးရခြင်းကြောင့် ဒေါသထွက်ခြင်းသည် ဖြစ်သင့်ပါသော်လည်း ထိုဒေါသက စိတ်ကြေကွဲညှိုးငယ်မှုကို မကုစားနိုင်ကြောင်း သူမယုံကြည်သည်။ အိုင်ချာတို့ မိသားစုအကြောင်းကို နားထောင်ပြီး၊ ၎င်းတို့ကို ရန်သူဟုရှုမြင်ရန် သွေးဆောင်မှုကို ဆန့်ကျင်လျက် ဖိလစ်ကရုဏာသက်မိသည်။ တရားမျှတမှုကို သူမ လိုလားသော်လည်း ရန်တုံ့ပြန်ကလဲ့စားချေရန် သွေးဆောင်မှုကို မကိုင်စွဲဘဲ လွတ်လိုက်ရမည်ဟု သူခံယူသည်။ မိမိအပေါ် သူတစ်ပါးတို့အမှားလုပ်မိသောအခါ ကလဲ့စားချေရန်ဟူသည့်အသိက ကျွန်ုပ်တို့ကို ချုပ်ထားတတ်သည်။
ဤခံယူချက်ကို မျှဝေလျက် တမန်တော်ရှင်ပေါလုက “ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင် ပြောဆိုခြင်းတို့ကိုလည်းကောင်း၊ ခပ်သိမ်းသော မနာလိုခြင်းကိုလည်းကောင်း သင်တို့မှပယ်ရှားကြလော့” (ဧ ၄:၃၁)ဟု တိုက်တွန်းသည်။ ဖျက်လိုဖျက်ဆီးဖြစ်စေသည့် အစွမ်းများကို ဖယ်ရှားပေးရန် ကျွန်ုပ်တို့အခွင့်ပေးလျှင် ဘုရားရှင်၏ဝိညာဥ်တော်သည် ကျွန်ုပ်တို့အား အသစ်သောအမြင်နှင့်ပြည့်စေသည်။ “အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း”ရှိရန် (:၃၂) ရှင်ပေါလုဆိုသည်။ အမှားကို အမှန်ဖြစ်စေရေး လုပ်ဆောင်သည့်တစ်ချိန်တည်းတွင် ဒေါသနှင့် ရန်တုံ့ပြန်ပြီး ကလဲ့စားချေမှုကို ပယ်ရှားခြင်းကလည်း ဖြစ်နိုင်ပါသည်။ ခါးသီးမှုကိုအောင်နိုင်သည့် ကရုဏာတရားကို ပြသနိုင်ရန် ဝိညာဥ်တော်ဘုရား မစတော်မူပါ။