မိုက်ကယ်သည် ကျောက်ပုဇွန်ငုပ်နေစဥ် ဝေလငါးကြီးအဟပ်ခံရပြီး ငါးပါးစပ်ထဲရောက်သွားသည်။ သူသည် အမှောင်ထဲ၌ သူ့ကိုညှစ်ထားသည့် ငါးကြီး၏ ကြွက်သားများကို နောက်ပြန်တွန်းထုတ်ရုန်းခဲ့သည်။ သူ့ကိုယ်သူ သေပြီဟုပင်ထင်ခဲ့သည်။ သို့သော် ဝေလငါးကြီးက ပုဇွန်ငုပ်သမားကို မကြိုက်ပုံရသည်။ စက္ကန့် (၃၀) အတွင်း ငါးကြီးက သူ့ကို လေထဲသို့ ထွေးထုတ်လိုက်သည်။ မိုက်ကယ်သည် အရိုးတစ်ချောင်းမျှ မကျိုးမပဲ့ခဲ့ခြင်းက အံ့သြစရာဖြစ်သည်။ သူ၌ ကြီးမားသော ပွန်းပဲ့ရာများသာ ရှိခဲ့ပြီး သူ့အတွေ့အကြံုက ပုံပြင်ကောင်းတစ်ပုဒ် ဖြစ်သွားခဲ့သည်။
မိုက်ကယ်၏အဖြစ်က ပထမဆုံးအဖြစ် မဟုတ်ပါ။ ယောနကိုလည်း ‘ငါးကြီးတစ်ကောင်’က မျိုချခဲ့ပြီး၊ သူ့ကို ပြန်မအန်ထုတ်မီ ငါးကြီးဝမ်း၌ သူ (၃) ရက်နေခဲ့ရသည် (၁:၁၇၊ ၂:၁၀)။ မိုက်ကယ်ကဲ့သို့ မတော်တဆ ငါးအဟပ်ခံရခြင်း မဟုတ်ပါ။ ယောနသည် ဣသရေလလူမျိုး၏ရန်သူများကို မုန်းတီးပြီး သူတို့ကို နောင်တမရစေချင်ပါ။ နိနဝေမြို့၌ သတိပေးစကားပြောရန် ဘုရားသခင် သူ့အား စေခိုင်းသောအခါ သူက သင်္ဘောစီးပြီး အခြားမြို့သို့သွားခဲ့သည်။ ထို့ကြောင့် သူ့အာရုံကို ပြန်လည်တည့်မတ်ရန် ဘုရားရှင်က ဝေလငါးတမျှကြီးမားသည့် ငါးကြီးကို စေလွှတ်ခဲ့သည်။
အာရှုရိလူမျိုးကို ယောနမုန်းတီးခြင်းကို ကျွန်ုပ်လက်ခံပါသည်။ အတိတ်က ၎င်းတို့သည် ဣသရေလလူမျိုးများကို နှောင့်ယှက်တိုက်ခိုက်ခဲ့ပြီး၊ နှစ်ပေါင်း (၅၀) အတွင်းတွင် မြောက်ပိုင်း ဣသရေလလူမျိုးစုများကို ကျွန်ပြုဖမ်းဆီးခေါ်ဆောင်ကာ နောက်ဆုံးတွင် ထိုလူမျိုးစုများမှာ ပျောက်ကွယ်သွားခဲ့သည်။ ထိုအာရှုရိလူမျိုးအား ခွင့်လွှတ်ရန်ကိစ္စကို ယောနကန့်ကွက်ဆန့်ကျင်ခြင်းကို ကျွန်ုပ်တို့နားလည်နိုင်ပါသည်။
သို့သော် ယောနသည် လူမျိုးတကာတို့၏ဘုရားသခင်ထက် ဘုရားလူမျိုးတော်တို့အပေါ် ပို၍သစ္စာစောင့်သိခြင်းဖြစ်သည်။ ဣသရေလူမျိုးတို့၏ရန်သူကို ဘုရားသခင်ချစ်ပြီး ၎င်းတို့ကို ကယ်တင်လိုပါသည်။ ကျွန်ုပ်တို့၏ရန်သူကို ကိုယ်တော်ချစ်ပြီး သူတို့ကို ကယ်တင်လိုပါသည်။ ကျွန်ုပ်တို့၏နောက်မှတိုက်ခတ်သော ဝိညာဥ်တော်၏လေအားဖြင့် သခင်ယေရှု၏သတင်းကောင်းကို ဆောင်ယူလျက် ရန်သူတို့ထံ ရွက်လွှင့်သွားကြပါစို့။