ကြီးမြတ်သောဘုရားသခင်၏ ကယ်တင်ခြင်းအမှုကို အောက်မေ့လျက် ချီးမွမ်းပွဲဆင်နွဲသည့် ဂျူးလူမျိုးတို့၏ရိုးရာ ပဿခါစားသောက်ပွဲအပြီး၌ အသင်းတော်မှအသင်းသားတို့သည် ပတ်လည်ဝိုင်းကာ ကခုန်ခြင်းဖြင့် ၎င်းတို့၏ဝမ်းမြောက်မှုကို ဖော်ပြကြသည်။ ဘာရီသည် အနောက်နား၌ရပ်လျက် ပြုံးကာကြည့်နေသည်။ “အခုတော့ ဒါဟာ ကျွန်တော့်မိသားစုပဲ။ ကျွန်တော့်အသိုင်းအဝန်းပဲ။ ကျွန်တော်မေတ္တာပြနိုင်တဲ့နေရာ၊ မေတ္တာခံယူနိုင်တဲ့နေရာ၊ ကျွန်တော်နဲ့သက်ဆိုင်တဲ့နေရာကို ကျွန်တော်တွေ့ခဲ့ပြီ” ဟုပြောရင်း ဤအစီအစဥ်ကို သူအလွန်သဘောကျကြောင်း မှတ်ချက်ပေးခဲ့သည်။

ဘာရီသည် ငယ်စဥ်ကလေးဘဝက စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ရက်စက်စွာအကြမ်းဖက်မှုကို ခံစားခဲ့ရသဖြင့် သူ၌ ဝမ်းမြောက်ခြင်းမရှိခဲ့ပါ။ သို့သော် ‌ဒေသခံအသင်းတော်မှ သူ့ကိုကြိုဆိုပြီး သူ့အား သခင်ယေရှုနှင့် မိတ်ဆက်ပေးခဲ့သည်။ ၎င်းတို့၏စည်းလုံးမှုနှင့် ဝမ်းမြောက်မှုတို့ကူးစက်ကာ ခရစ်တော်နောက်တော်သို့ သူစတင်လိုက်လျှောက်ပြီး သူ့ကိုချစ်သည်၊ လက်ခံကြသည်ဟု သူခံစားခဲ့ရသည်။

ဆာလံကျမ်း ၁၃၃ တွင် ‘အလွန်ကောင်းသော၊ အလွန်တင့်တယ်လျောက်ပတ်သော’ ဘုရားလူများ တစ်စိတ်တစ်ဝမ်းတည်းရှိမှု၏ သက်ရောက်မှု အကျိုးကိုသရုပ်ဖော်ရန် ဒါဝိဒ်မင်းသည် ထိရောက်သည့်ပုံရိပ်ကို အသုံးပြုခဲ့သည်။ ၎င်းသည် အဖိုးတန်ဆီနှင့် ဘိသိက်ပေးခံရသူနှင့်တူပြီး ဆီများက အင်္ကျီလည်စွပ်တိုင် စီးကျသည် (:၂)။ ရှေးခေတ်က ဤသို့ ဆီနှင့်လောင်းခြင်းသည် သာမန်ဓလေ့ဖြစ်ပြီး ရံဖန်ရံခါ၌ အိမ်သို့ဝင်လာသူကို ကြိုဆိုသည့်သဘောဖြစ်သည်။ ဤသို့ တစ်စိတ်တစ်ဝမ်းတည်းရှိခြင်းသဘောကို အသက်နှင့်ကောင်းချီးမင်္ဂလာကို ဆောင်ယူလာသည့် တောင်ပေါ်မြူနှင်းနှင့်လည်း နှိုင်းယှဥ်သေးသည် (:၃)။

ဆီမွှေးရနံ့သည် အခန်းတစ်ခန်းလုံးကို မွှေးကြိုင်စေပြီး၊ မြူနှင်းများက ခြောက်သွေ့သောနေရာကို စိုစွတ်စေပါသည်။ စည်းလုံးညီညွတ်ခြင်းသည်လည်း တစ်ကိုယ်တည်း အထီးကျန်နေသူတို့အား ကြိုဆိုခြင်းကဲ့သို့ ကောင်းမွန်လျောက်ပတ်သော သက်ရောက်မှုကို ဖြစ်စေပါသည်။ ကျွန်ုပ်တို့အားဖြင့် ဘုရားသခင်သည် ကောင်းကျိုးကို ဆောင်ကြဥ်းနိုင်ရန် ခရစ်တော်၌ တစ်စိတ်တစ်သဘောတည်းဖြစ်ရန် ရှာကြံကြပါစို့။