“ကြည့်ပါဦးဘိုးဘိုးရယ်။ အဲဒီသစ်ပင်တွေက ဘုရားသခင်ကို ဝှေ့ယမ်းပြနေတယ်” မုန်တိုင်းမလာမီ လေထဲ၌ ကွေးညွတ်နေသည့်သစ်ပင်ငယ်များကို ကြည့်ပြီး မြေးလေး၏ စိတ်လှုပ်ရှားစူးစမ်းမှုကို ကျွန်ုပ်ပြုံးမိသည်။ မိမိကိုယ်ကိုလည်း “ငါ့မှာအဲ့လိုစိတ်ကူးယဥ်တဲ့ ယုံကြည်ခြင်းမျိုး ရှိသလား” ဟုပြန်မေးမိသည်။

မောရှေနှင့် မီးလောင်နေသောချုံပုတ်ဇာတ်လမ်းကို ဆင်ခြင်ကာ ကဗျာဆရာမ Elizabeth Barrett Browning (အဲလိဇဘက် ဘာရတ် ဘရောင်းနင်း)က “ကမ္ဘာမြေသည် ဘုရားဘုန်းနှင့်ပြည့်နှက်နေပြီး/ ချုံပင်တိုင်း၌ ဘုရားဘုန်းအလင်း ထွန်းလင်းနေလည်း/ မြင်သောသူသာ ပြပ်ဝပ်စိတ်ဖြင့် ခြေနင်းချွတ်၏” ဟုရေးခဲ့သည်။ ဘုရားသခင်ဖန်ဆင်းသည့် အံ့ဖွယ်အရာများဖြင့် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်တွင် ဘုရားသခင်၏လက်ရာများ ထင်ရှားပေါ်လွင်နေပြီး၊ တစ်နေ့တွင်၊ မြေကြီးသစ်ကို ဖန်ဆင်းသောအခါ၊ တစ်ခါမျှမမြင်ဖူးသော အရာများကို ကျွန်ုပ်တို့မြင်ရလိမ့်မည်။

ဤနေ့ရက်အကြောင်းကို ဘုရားသခင်သည် ပရောဖက်ဟေရှာယအားဖြင့် “သင်တို့သည် ဝမ်းမြောက်သောစိတ်နှင့်ထွက်၍ ချမ်းသာစွာပို့ခြင်းကို ခံရကြလိမ့်မည်။ တောင်ကြီးတောင်ငယ်တို့သည် သင့်တို့ရှေ့မှာ သီချင်းဆိုသံနှင့် ကြွေးကြော်၍ တော၌ရှိသမျှသောအပင်တို့သည် လက်ခုတ်တီးကြလိမ့်မည်”ဟု ဖော်ပြထားသည် (ဟေရှာ ၅၅:၁၂)။ သီချင်းဆိုသော တောင်တန်း၊ လက်ခုပ်တီးသောသစ်ပင်၊ မဖြစ်နိုင်စရာအကြောင်းမရှိပါ။ ရှင်ပေါလုက “တစ်နေ့သောအခါ၌ အဖန်ဆင်းခံကမ္ဘာလောကသည် ဖေါက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ လွတ် မြောက်၍ ဘုရားသခင်၏သားသမီးများနှင့်အတူ လွတ်လပ်မှုဘုန်းအသရေကို ခံစားခွင့် ရရှိလိမ့်မည် ” (ရော ၈:၂၁ – ခေတ်သုံး) ဟု မှတ်သားခဲ့သည်။

တစ်ကြိမ်တွင် ကျောက်ခဲတို့ ကြွေးကြော်မည့်အကြောင်း သခင်ယေရှုပြောခဲ့ပြီး (လု ၁၉:၄၀)၊ သူ၏စကားများက ကယ်တင်ခြင်းအတွက် သူ့ထံလာမည့်သူ၏ ရှေ့အနာဂတ်အကြောင်း ဟေရှာယ၏ပရောဖက်ပြုချက်ကို ထင်ဟပ်ပြခဲ့သည်။ ဘုရားသခင်တစ်ပါးတည်းသာ ပြုနိုင်သောအရာကို စိတ်ကူးပုံဖော်သည့် ယုံကြည်ခြင်းဖြင့် မျှော်ကြည့်သောအခါ၊ ထာဝရတည်ရှိနေမည့် ကိုယ်တော်၏အံ့ဖွယ်အမှုများကို ကျွန်ုပ်တို့မြင်တွေ့ရမည်ဖြစ်သည်။