ဆယ်ကျော်သက်အရွယ်က အထက်တန်းကျောင်း ဘတ်စကတ်ဘောလေ့ကျင့်မှုအပြီး ကျွန်တော့်သူငယ်ချင်းအိမ်သို့ လိုက်လည်ရန် အရှိန်ပြင်းပြင်းနှင့် သူ့ကားကိုအမီ ကြိုးစားလိုက်မောင်းခဲ့သည်။ မိုးသည်းနေသဖြင့် သူ့ကားကိုမီရန် ခက်နေသည်။ ရုတ်တရက် ကားရေသုတ်တံက ရေစိုနေသည့်လေကာမှန်ကို ရှင်းလင်းလိုက်စဉ် သူငယ်ချင်း၏ နောက်ဖုံးဖွင့်ဆီဒင်ကားသည် ကျွန်တော့်ကားရှေ့၌ ရပ်နေသည်ကို တွေ့လိုက်ရပြီး၊ ဘရိတ်ကို ဆောင့်နင်းလိုက်သော်လည်း လမ်းချော်ကာ သစ်ပင်ကြီးတစ်ပင်ကို တိုက်မိပြီး ကျွန်တော့်ကား ပျက်စီးသွားသည်။ သည့်နောက်တွင် ဒေသခံဆေးရုံ၏ သတိမေ့မြောသူများထားရာအဆောင်၌ ကျွန်တော်နိုးလာခဲ့သည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် အသက်ရှင်ခဲ့ပြီး၊ ကျွန်တော်၏ မဆင်မခြင် လုပ်ရပ်သည် အဖိုးအခကြီးကြောင်း သက်သေပင်ဖြစ်သည်။
မောရှေ၏ မဆင်မခြင်ဆုံးဖြတ်ချက်တစ်ခုက သူ့အား အလွန်နစ်နာစေခဲ့သည်။ ၎င်း၏ညံ့ဖျင်းသောရွေးချယ်မှုတွင် (ကျွန်ုပ်ကိစ္စကဲ့သို့) ဘာမှမဟုတ်သည့် ရေမရှိခြင်းပြဿနာကြောင့်ဖြစ်သည်။ ဣသရေလလူမျိုးတို့သည် ဇိနတော၌ ရေမရှိ၍ မောရှေကို ဆန့်ကျင်ဘက်ပြု၍ စုဝေးခဲ့ကြသည် (တော၂၀:၂)။ ဘုရားသခင်သည် ခြေကုန်လက်ပန်းကျနေသော ခေါင်းဆောင်အား ကျောက်တုံးကို အမိန့်ပေးရန်၊ ထို့နောက် ကျောက်သည် ရေကိုပေးလိမ့်မည် ဟုမိန့်တော်မူသည် (:၈)။ ထိုအစား မောရှေက ကျောက်ကို နှစ်ကြိမ်ရိုက်ခဲ့သည်” (:၁၁)။ ဘုရားသခင်က “သင်တို့သည် ငါ့ကို မယုံကြည် … သောကြောင့် … [ကတိထားရာပြည်သို့] မ၀င်ရ” (:၁၂) ဟုမိန့်တော်မူ၏။
ကျွန်ုပ်တို့ မဆင်မခြင်ဆုံးဖြတ်သောအခါ အကျိုးဆက်ကို ပေးဆပ်ရသည်။ “စိတ်ဝိညာဥ်သည် ပညာအတတ်မရှိဘဲ မနေကောင်း။ အလျင်အမြန်သွားသူသည်လည်း မှားယွင်းတတ်၏” (သု ၁၉:၂)။ ယနေ့ကျွန်ုပ်တို့ ပြုလုပ်သော ရွေးချယ်မှုများနှင့် ဆုံးဖြတ်ချက်များတွင် သေချာစွာ ဆုတောင်းလျက် ဘုရားသခင်၏ ဉာဏ်ပညာနှင့်လမ်းညွှန်မှုကို ရှာဖွေနိုင်ပါစေ။