တောင်အမေရိကတိုက်ရှိ အက်ကွေဒေါနိုင်ငံ (Ecuador)မှ ဖြတ်ထားသောပန်းစည်း ရောက်ရှိလာသည်။ ကျွန်မအိမ်သို့ရောက်ခါစက ပန်းပွင့်များသည် ခရီးဝေးပြီးပင်ပန်းမှုကြောင့် ညှိုးနွမ်းကာ ငိုက်စိုက်ကျနေသည်။ အညွှန်းတွင် ထိုပန်းများပြန်လည် လန်းဆန်းစေရန် အေးမြသောရေ တိုက်ကျွေးရမည်ဖြစ်သည်။ သို့သော် ရေမတိုက်ကျွေးမီ ပန်းပွင့်များ ရေများများရစေရန် ၎င်းတို့၏ရိုးတံများကို တိပေးရမည်။ သို့သော် ၎င်းတို့အမှန် ပြန်ရှင်သန်နိုင်မည်လော။
နောက်တစ်နေ့မနက်တွင် ကျွန်မသိချင်သည့်အဖြေကို တွေ့ပါပြီ။ အက်ကွေဒေါပန်းစည်းသည် ကျွန်မလုံးဝမထင်ထားသည့် တင့်တယ်လှပမှုနှင့် ပွဲဝင်နိုင်သည့်အင်္ဂါရပ်နှင့်ပြည့်စုံနေပါသည်။ အေးမြသောရေက တစ်မူထူးခြားမှုကို ဖြစ်စေပြီး၊ သခင်ယေရှုမိန့်ကြားသည့် သက်စမ်းရေနှင့် ယုံကြည်သူများအတွက် မည်သို့သော အဓိပ္ပာယ် သက်ရောက်မှုရှိသည်ကို သတိပေးနေသည်။
ရှမာရိအမျိုးသမီးကိုယ်တိုင် ရေတွင်းမှခပ်ပေးသည့်ရေကို သောက်သုံးရန် သခင်ယေရှု တောင်းခဲ့ပြီးနောက် သူမ၏အသက်တာကို ပြောင်းလဲစေခဲ့သည်။ ကိုယ်တော်၏တောင်းဆိုမှုအပေါ် သူမအံ့သြခဲ့သည်။ ယုဒလူမျိုးတို့သည် ရှမာရိလူမျိုးအပေါ် အထင်အမြင်သေးကြသည်။ သို့သော် သခင်ယေရှုက “ဘုရားသခင် ၏ ကျေးဇူးတော်ကိုလည်းကောင်း၊ ငါသောက်ဖို့ ရေပေးပါဟု ဆိုသောသူကား အဘယ်သူဖြစ်သည်ကိုလည်းကောင်း သင်သည် သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည်” ဟုမိန့်တော်မူ၏ (ယော ၄:၁၀)။ ထိုနောက် ဗိမာန်တော်တွင် “ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့” ဟု သခင်ယေရှု ကြွေးကြော်ခဲ့သည် (၇:၃၇)။ ကိုယ်တော်ကို ယုံကြည်သူတို့သည် “အသက်ရေထွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည် …။ ထိုသို့မိန့်တော်မူသော် ယုံကြည်သူတို့သည် ခံရလတ္တံ့သော ဝိညာဉ်တော်ကိုရည်မှတ်၍ မိန့်တော်မူ၏” (:၃၈-၃၉)။
ဘဝ၌ ပင်ပန်းနွမ်းလျနေလျှင် ဘုရားသခင်၏ လန်းဆန်းသောဝိညာဉ်တော် သည် ယနေ့ ကျွန်ုပ်တို့အား ပြန်လည်ရှင်သန်နိုးကြားစေသည်။ ကိုယ်တော်သည် သက်စမ်းရေဖြစ်ပြီး ကျွန်ုပ်တို့အသက်ဝိညာဉ်တွင်း သန့်ရှင်းလန်းဆန်းစွာတည်ရှိနေသည်။ လေးလေးနက်နက်ခံယူလျက် ယနေ့ပင်သောက်သုံးကြပါစို့။