ထင်ပေါ်ကျော်ဇောသည့် အားကစားသတင်းဆောင်းပါးရှင် Dave Kindred (ဒေ့ဗ် ကင်းဒြက်)သည် အထင်ကရအားကစားပွဲစဉ်များ၊ ချန်ပီယံများ၏မှတ်တမ်းများကို ရာနှင့်ချီ၍ မှတ်တမ်းပြုစုထားသူဖြစ်ပြီး မိုဟာမက်အလီ၏အတ္ထုပ္ပတ္တိကို ရေးသား ပြုစုသူလည်းဖြစ်သည်။ ထိုအလုပ်မှ သူအနားယူပြီးနောက် အလုပ်မရှိသဖြင့် ပျင်းပျင်းနှင့် ဒေသခံကျောင်းတစ်ကျောင်း၏ မိန်းကလေးဘတ်စကက်ဘောပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုခဲ့သည်။ မကြာမီ ထိုပြိုင်ပွဲတစ်ခုစီအကြောင်းကို သူရေးသား ပြုစုပြီး အွန်လိုင်းပေါ်၌ မျှဝေခဲ့သည်။ ထို့နောက် သူ့မိခင်နှင့်မြေးယောင်္ကျားလေး ဆုံးပါးသွားပြီး သူ့ဇနီးလည်း လေဖြတ်၍ချိနဲ့နေစဉ် သူရေးနေသည့် အားကစားအသင်းသည် သူ့ကို စည်းလုံးသောအသိုင်းအဝိုင်းနှင့် ရည်ရွယ်ချက်ရှိသောအသက်တာကို သိမြင်ခံစားစေခဲ့သည်။ သူတို့ သူ့ကိုလိုအပ်သကဲ့သို့ သူကလည်း သူတို့ကို လိုအပ်ခဲ့သည်။ “ဒီအသင်းအဖွဲ့က ကျွန်တော့်ကို ကယ်ခဲ့တယ်။ ကျွန်တော့်ဘဝက မှောင်မိုက်အတိဖြစ်ချိန်မှာ သူတို့က အလင်းဖြစ်တယ်”ဟု ကင်းဒြက် ပြောခဲ့သည်။

အဘယ့်ကြောင့် အထင်ကရဆောင်းပါးရှင်က လူငယ်အဖွဲ့၏စုစည်းမှုအပေါ် အမှီပြုခဲ့ရသနည်း။ ထိုနည်းတူ အထင်ကရဖြစ်သည့် တမန်တော်တစ်ဦးက သူ၏ သာသနာခရီးစဉ်များတွင် ကြုံတွေ့ခဲ့ရသူများနှင့် မိတ်သဟာယအပေါ်မှီခိုအားပြုခဲ့ရသည်။ ရှင်ပေါလုရေးသားသောစာ၏ အဆုံး၌ သူနှုတ်ခွန်းဆက်ထားသော မိတ်ဆွေများကို သင်သတိပြုမိပါသလား (ရော ၁၆:၃-၁၅)။ “ငါနှင့်အတူအကျဉ်းခံရသောသူ၊ ငါ့အမျိုးသားချင်း အန္ဒြောနိတ်နှင့်ယုနိကို နှုတ်ဆက်ကြလော့” (:၇)။ “သခင်ဘုရား၌ ငါ့ချစ်သားအမ္ပလိကို နှုတ်ဆက်ကြလော့” (:၈)။ မိတ်ဆွေပေါင်း (၂၅) ဉီးထက်မက သူဖော်ပြခဲ့ပြီး အများစုမှာ ကျမ်းစာ၌ နောက်ထပ် ဖော်ပြခြင်း မခံရပါ။ သို့သော် ရှင်ပေါလုသည် ထိုသူတို့ကို လိုအပ်ခဲ့သည်။

သင့်အဖွဲ့အသိုင်းအဝိုင်းတွင် မည်သူများပါရှိသနည်း။ သင်အစပြုရမည့်အကောင်းဆုံးသောနေရာသည် သင်၏ဒေသန္တရအသင်းတော်၌ပင် ဖြစ်သည်။ အသင်းတော်မှ လူတစ်ဉီးဦး၏အသက်တာ မှောင်မိုက်နေပါသလား။ ဘုရားသခင်လမ်းပြမှုဖြင့် ထိုသူတို့အား သခင်ယေရှုထံသို့ ညွှန်ပြသည့်အလင်း သင်ဖြစ်နိုင်ပါ သည်။ တစ်နေ့တွင် သူတို့ပြုစုဆက်ဆံခံခဲ့ရသည့်အတိုင်း သူတို့ ပြန်လည်တုံ့ပြန်လိမ့်မည်။