‘Line of Duty’ (တာဝန်ထမ်းဆောင်နေစဥ်) အမည်ရှိ ဗြိတိသျှဒရာမာဇာတ်လမ်း အဆုံးတွင် စနစ်တကျ ပြစ်မှုကျူးလွန်သည့်အဖွဲ့ကို တွန်းလှန်တိုက်ခိုက်မှု မည်သို့မည်ပုံ ဖြစ်သွားမည်ကို စောင့်ကြည့်သူဉီးရေ စံချိန်တင်ခဲ့သည်။ နောက်ဆုံး၌ ထိုလူဆိုးများ အနိုင်ရသွားသည့်အခါ ကြည့်ရှုသူအများစုသည် အလွန်စိတ်ပျက်သွားကြသည်။ “ကျွန်တော်ဖြစ်ချင်တာက လူဆိုးတွေကို တရားစီရင်ဖို့ပဲ။ သင်ခန်းစာယူလို့ရတဲ့ အဆုံးသတ်မှုကို ကျွန်တော်တို့လိုအပ်တယ်” ဟုပရိသတ်တစ်ဦးက ပြောပါသည်။
တစ်နေ့တွင် အဆိုးကိုအနိုင်ရပြီး ပြုခဲ့သည့်အပြစ်အတွက်ပြန်လည်ပေးဆပ်ရမည်ဟူသော မျှော်လင့်ချက်နှင့် တရားမျှတမှုတို့ကို ကျွန်ုပ်တို့ဆာငတ် တောင့်တကြသည်ဟု လူမှုဗေဒပညာရှင် Peter Berger (ပီတာဘာဂါ)က မှတ်ချက်ချခဲ့ဖူးသည်။ ဆိုးသွမ်းသူများအနိုင်ရနေသည့် ကမ္ဘာကြီးသည် ကျွန်ုပ်တို့မျှော်လင့်ထားသော ဖြစ်တည်သင့်သည့်ကမ္ဘာကြီးနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထိုအချက်ကိုသတိမမူမိဘဲ စိတ်ပျက်နေသော ပရိသတ်ကြီးသည် တရားမျှတပြီး စစ်မှန်သည့်လူမှုအခွင့်အရေးများနှင့် ပြည့်မည့် ကမ္ဘာလောကကြီးအား ဖော်ပြတောင်းဆိုနေကြခြင်းဖြစ်သည်။
ပတ္ထနာတော်တွင် မကောင်းမှုနှင့်ပတ်သက်၍ လက်တွေ့ကျကျပင် သခင်ယေရှု ဖော်ပြသည်။ ကျွန်ုပ်တို့အကြားတွင် ဆိုးညစ်မှုများရှိနေပြီး ခွင့်လွှတ်ခြင်း လိုအပ်သည်သာမက (မ ၆:၁၂)၊ ကျယ်ပြန့်စွာပြောရလျှင် မကောင်းသောအမှုအရာမှ ရွေးနှုတ်ကယ်တင်ခံရရန်လည်း လိုအပ်သည် (:၁၃)။ သို့သော်လည်း ထိုအမှန်တရားသည် မျှော်လင့်ခြင်းနှင့်လည်း ကိုက်ညီမှုရှိသည်။ မကောင်းမှုမရှိသောနေရာ တစ်နေရာရှိသည်။ ထိုနေရာမှာ ကောင်းကင်ဘုံဖြစ်ပြီး ကမ္ဘာမြေတွင် ကောင်းကင်နိုင်ငံတော် တည်ထောင်တော့မည် (:၁၀)။ တစ်နေ့တွင် ဘုရားသခင်၏တရားမျှတခြင်း ပြည့်စုံတော့မည်။ ကိုယ်တော်၏ ‘တရားမျှတကောင်းမွန်သော အဆုံးသတ်’ ရောက်ရှိလာပြီး မကောင်းမှုသည် ထာဝစဉ်ပျောက်ကွယ်သွားပေမည် (ဗျာ ၂၁:၄)။
ထို့ကြောင့် မတရားသူများအနိုင်ရပြီး စိတ်ပျက်ရပါက ဘုရားသခင်၏ ‘အလိုတော်သည် ကောင်းကင်နိုင်ငံတော်တွင် ပြည့်စုံသကဲ့သို့ မြေကြီးပေါ်တွင်လည်း ပြည့်စံု’ ချိန်ထိတိုင် ကျွန်ုပ်တို့၌ မျှော်လင့်ချက် အစဥ်ရှိကြောင်း သတိရကြပါစို့။ အဘယ့်ကြောင့်ဆိုသော် ဇာတ်လမ်းသည် အဆုံးမသတ်သေးပါ။