အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင်းလမ်းများ၌ နေထိုင်ကျက်စားနေသော ကလေးများကို အားပေးရန်နည်းလမ်းရှာလျက် Ranjit (ရန်ဂျစ်)က သူတို့အမည်များကို သီချင်းစပ်ပေးခဲ့သည်။ သူတို့ကိုမှည့်ခေါ်သည့်၊ သူတို့အခေါ်ခံရသည့်နာမည်၏ အဓိပ္ပာယ်အတိုင်း အပြုသဘောအမှတ်တရများ ရပါစေဟုမျှော်လင့်လျက် ကလေးများအား သူတို့နာမည်တစ်ခုစီအတွက် သီးသန့်တေးသွားများကို စပ်ဆိုကာသင်ပေးခဲ့သည်။ သူတို့၏အမည်ကို ချစ်ခြင်းဖြင့်ခေါ်သံကို တစ်ခါမျှမကြားဖူးသော ထိုကလေးများအတွက် လေးစား အလေးထားခြင်းလက်ဆောင်ကို သူပေးလိုက်ခြင်းပင်ဖြစ်သည်။

သမ္မာကျမ်းစာတွင် အမည်နာမများသည် အလွန်အရေးကြီးပြီး တစ်ခါတစ်ရံနာမည်ပိုင်ရှင်၏အကျင့်စရိုက် သို့မဟုတ် အသက်တာ၏ကဏ္ဍသစ်ကို ထင်ဟပ်ဖေါ်ပြသည်။ ဥပမာ – ဘုရားသခင်သည် အာဗြံနှင့်စာရဲတို့နှင့် မေတ္တာပဋိညာဉ်ပြုစဉ် သူတို့၏နာမည်များကိုပြောင်းပေးပြီး ကိုယ်တော်သည် သူတို့၏ဘုရားဖြစ်ပြီး၊ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော် ဖြစ်ကြလိမ့်မည်ဟု ကတိပြုခဲ့သည်။ “ချီးမြှောက်ခြင်းခံရသောဖခင်” ဟုအဓိပ္ပာယ်ရသည့် ‘အာဗြံ’သည် “လူမျိုးတကာတို့၏ဖခင်” ဟုအဓိပ္ပာယ်ဆောင်သော ‘အာဗြဟံ’ ဖြစ်လာသည်။ “မင်းသမီးတော်” ဟု အဓိပ္ပာယ်ရသော ‘စာရဲ’သည် “အများ၏မိခင်” ဟုအဓိပ္ပာယ်ရသော ‘စာရာ’ ဖြစ်လာသည် (က ၁၇:၅၊ ၁၅)။

ဘုရားသခင်မှည့်ပေးသောနာမည်တွင် ကလေးမရသည့်အဖြစ် မရှိတော့ ဟူသော ကျေးဇူးကတိတော်ပါရှိသည်။ စာရာသည် သားကို မွေးဖွားသည့်အခါ သူတို့သည် အလွန်ဝမ်းမြောက်ပြီး ထိုသားကို “သူရယ်မောသည်” ဟုအဓိပ္ပာယ်ရသော ဣဇက်ဟု အမည်မှည့်ပေးလိုက်သည်။ “ငါရယ်ရသောအခွင့်ကို ဘုရားသခင်ပေးတော်မူပြီ။ ဤသတင်းကို ကြားသောသူအပေါင်းတို့သည်လည်း ငါနှင့်အတူရယ်ကြလိမ့်မည်” (က ၂၁:၆)ဟု စာရာမြွက်ဆိုခဲ့သည်။

သူတစ်ပါးကို အမည်နာမထည့်၍ခေါ်ဆိုခြင်းဖြင့် ထိုသူ့အား ရိုသေလေးစားမှု ပြသည်သာမက ဘုရားသခင် သူ့အား အရှိအတိုင်းဖန်ဆင်းခြင်းကို အလေးထားခြင်းပင်ဖြစ်သည်။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားသူအား တစ်မူထူးခြားသည့် သူ့အရည်အချင်းအတိုင်း မှည့်ထားသော ချစ်စရာသူ့နာမည်ပြောင်ကို ခေါ်ဆိုခြင်းက အလားတူ သဘောသက်ရောက်ပေ၏။