ဘလော့ဂါ Kevin Lynn (ကီဗင်လင်း)၏ဘဝသည် တစ်စစီ ကျိုးပဲ့ပျက်စီးခဲ့ဟန်တူသည်။ မကြာမီက ဆောင်းပါးတစ်ခုတွင် “ကျွန်တော်တကယ်ပဲ ကျွန်တော့်ခေါင်းကို သေနတ်နဲ့တေ့ခဲ့တယ်။ အဲဒီအခါမှာ သဘာဝကိုကျော်လွန်ပြီး နားမလည်နိုင်စွာ ကျွန်တော့် အခန်းထဲ၊ ကျွန်တော့်ဘဝထဲ ဘုရားသခင်ဝင်ရောက်လာခဲ့တယ်။ အဲဒီအခိုက်အတန့်မှာ ဘုရားသခင်ကိုတွေ့ရှိခဲ့တယ်ဆိုတာ အခုသိပါပြီ” ဟု သူပြန်ပြောင်းပြောပြသည်။ ဘုရားသခင်သည် လင်း၏ဘဝသို့ ဝင်ရောက်လျက် သူ့ကိုယ်ကို အဆုံးစီရင်မည့်အန္တရာယ်မှ ကာကွယ်ပေးခဲ့သည်။ သူ၏နှစ်သက်ဖွယ်တည်ရှိမှုကို လင်းအား အတည်ပြုဖော်ပြလျက် အံ့သြဖွယ်သတိပေးပြသခဲ့သည်။ လွှမ်းမိုးအားကြီးသော ဤအတွေ့အကြုံကို လင်းသည် ဖုံးကွယ်မထားဘဲ လောကကြီးသို့ ဝေမျှခဲ့သည်။ သူသည် ယူကျု့သာသနာကို တည်ထောင်ကာ သူ့ကိုယ်ပိုင်ပြောင်းလဲမှုအတွေ့အကြုံနှင့် အခြားသူများ၏ဇာတ်ကြောင်းများကို ဝေမျှလျက်ရှိပါသည်။

သခင်ယေရှု၏ နောက်တော်လိုက်မိတ်ဆွေ လာဇရုသေဆုံးသောအခါ လူအများက သခင်ယေရှုအလွန်နောက်ကျမှ ရောက်လာသည်ဟု ယူဆကြသည် (ယော ၁၁:၃၂)။ သခင်ယေရှု ရောက်မလာမီအထိ လာဇရုသည် သချိုင်းတွင်း၌ လေးရက်ပတ်လုံး ရှိနေပြီး၊ လာဇရုအား သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်းဖြင့် နာကျင်ဝမ်းနည်းမှုအခိုက်အတန့်ကို အံ့ဩဖွယ်အချိန်အခါသို့ သခင်ပြောင်းလဲခဲ့သည် (:၃၈)။ “သင်သည် ယုံလျှင် ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည် ငါပြောပြီမဟုတ်လောဟု မိန့်တော်မူ၏” (:၄၀)။

သခင်ယေရှုသည် လာဇရုကို သေခြင်းမှ အသက်ရှင်စေသကဲ့သို့ ကျွန်ုပ်တို့ကိုလည်း သူ့အားဖြင့် အသက်တာသစ်ကို ကမ်းလှမ်းပေးနေသည်။ သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အသေခံပေးခဲ့ခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်အဖိုးအခကို ပေးဆပ်ခဲ့ပြီး သူ၏ကျေးဇူးတော်ကို ကျွန်ုပ်တို့လက်ခံသောအခါ သူ၏ခွင့်လွှတ်ခြင်းကို ပေးသည်။ ကျွန်ုပ်တို့သည် အပြစ်တရား၏ ချည်နှောင်ခြင်းမှ လွတ်မြောက်လျက်၊ သူ၏ထာဝရမေတ္တာဖြင့် အသစ်ဖြစ်စေပြီး ကျွန်ုပ်တို့၏ဘဝလမ်းကြောင်းကို ပြောင်းလဲရန် အခွင့်အ‌ရေးပေးသည်။