စိတ်ပညာရှင် Meg Jay (မဂ်ဂျေး)၏အဆိုအရ ကျွန်ုပ်တို့၏စိတ်သည် မိမိတို့၏ အနာဂတ်ကိုတွေးရန် ဦးတည်နေပြီး ထိုသို့တွေးတောခြင်းသည် လုံးဝတစိမ်းဆန်သည့်အရာများကို တွေးတောခြင်းနှင့် အလားသဏ္ဌာန်တူသည်။ အဘယ့်ကြောင့်ဆိုသော် “စာနာစိတ် လိုအပ်ချက်” ဟု တစ်ခါတစ်ရံ ခေါ်ဆိုသည့် မိမိကိုယ်တိုင်ကိုယ်ကျ မသိကျွမ်းသူများကို စာနာနားလည်ရန်၊ ဂရုစိုက်ရန် ခက်ခဲနိုင်ခြင်း၊ မိမိ၏ရှေ့ရေးအနာဂတ်ကိုပင် နားလည်နိုင်ရန် ခက်ခဲခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ဂျေးသည် သူမ၏အလုပ်တွင် လူငယ်များကို မိမိတို့၏အနာဂတ်ကို ပုံဖော်မြင်ယောင်ပြီး ထိုရည်ရွယ်ချက်အတိုင်း ဂရုတစိုက် လျှောက်လှမ်းနိုင်အောင် ကြိုးစားကူညီသည်။ ဤသို့ကူညီရာတွင် လူငယ်များ သူတို့၏အိပ်မက်နောက်သို့ လိုက်ရန်၊ ဆက်လက်ကောင်းမွန်အောင်မြင်စွာ လုပ်ဆောင်ရန် လမ်းကြောင်းပေးပြီး၊ တစ်နေ့တွင် ၎င်းတို့ဖြစ်ချင်သည့်သူများ ဖြစ်လာအောင် သူတို့လုပ်နိုင်သည့် လက်တွေ့ကျသောအစီအစဥ်များကို ဖန်တီးအကောင်အထည်ဖော်ခြင်းလည်း ပါဝင်သည်။

ဆာလံကျမ်း ၉၀ တွင် ကျွန်ုပ်တို့သည် လက်ရှိဘဝကိုသာ တွေ့မြင်နားလည်ခြင်း မဟုတ်ဘဲ အသက်တာတစ်ခုလုံးအတွက် “အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ” (:၁၂) ဟု ဘုရားသခင်အား တောင်းလျှောက်ရန် ကမ်းလှမ်းထားသည်။ ဤလောကတွင် ကျွန်ုပ်တို့ရှင်သန်ရချိန်သည် အကန့်အသတ်ရှိကြောင်း သိခြင်းက မဖြစ်မနေ ဘုရားကို အမှီပြုရန်လိုကြောင်း သတိပေးနိုင်သည်။ ယခုအချိန်တွင် သာမက “တစ်သက်လုံး” (:၁၄) ဘဝအတွက် ကျေနပ်နှစ်သိမ့်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို မည်ကဲ့သို့ရှာဖွေရမည်ကိုသိရန်၊ မိမိအတွက်သာမက အနာဂတ်မျိုးဆက်အတွက်ပါ မည်သည်ကို စဥ်းစားပေးရမည်ကို သိရန် (:၁၆) ကိုယ်တော်၏ မစမှုလိုအပ်သည်။ ဘုရားရှင်သည် ကျွန်ုပ်တို့လက်ဖြင့်ပြုသောအမှုနှင့် ကျွန်ုပ်တို့၏ နှလုံးသားကို တည်စေသူဖြစ်သောကြောင့် (:၁၇) မိမိကိုအပ်ပေးထားသောအချိန်အတွင်း သူ့အမှုဆောင်ရန် ကိုယ်တော်၏မစမှုကို ကျွန်ုပ်တို့လိုအပ်ပေသည်။