‘Operation Noah’s Ark’ (နောဧသင်္ဘောစစ်ဆင်ရေး)ဟု ချစ်စနိုးအမည်ပေးထားသည့် ကယ်ဆယ်ရေးအဖွဲ့သည် တိရစ္ဆာန်ချစ်သူများအတွက် ပျော်ရွှင်ဖွယ်ရာဖြစ်စေနိုင်သော်လည်း Nassau Society for the Prevention of Cruelty to Animals (တိရစ္ဆာန်များအပေါ်ရက်စက်မှုကို ကာကွယ်သည့် နာစောအသင်း) အတွက်မူ ၎င်းသည် အိမ်မက်ဆိုးဖြစ်သည်။ ဆူညံသံနှင့် ဆိုးရွားသည့်အနံ့ဆိုးများကြောင့် ပတ်ဝန်းကျင်မှတိုင်တန်းသဖြင့် ထိုအသင်းမှ အလုပ်သမားများသည် အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်ရှိ Long Island အိမ်တန်းလျားတစ်ခုသို့ ဝင်စစ်ရာ လျစ်လျူရှုခံရသည့် တိရစ္ဆာန်အကောင် (၄၀၀) ထက်မနည်းကို တွေ့ရှိခဲ့သည် (နောက်ပိုင်းတွင် ၎င်းတို့ကို ဖယ်ရှားခဲ့ကြသည်)။
ညစ်ညမ်းသည့်အခြေအနေတွင် တိရစ္ဆာန်ရာပေါင်းများစွာကို မလှောင်ထားသော်လည်း စိတ်နှလုံး၌ ဆိုးရွား၍အပြစ်ရှိသော အတွေးနှင့်အပြုအမူများကို ကျွန်ုပ်တို့ ဝှက်ထားနိုင်ပြီး ၎င်းတို့ကို ဖွင့်ပြပြီး ဖယ်ရှားပစ်ရန်လိုကြောင်း ရှင်ယေရှုပြောခဲ့သည်။
လူကိုသန့်ရှင်းစေသောအရာ၊ ညစ်ညူးစေသောအရာနှင့် ပတ်သက်၍ တပည့် တော်များအား သွန်သင်ရာ၌ ညစ်ပေသည့်လက်နှင့် ‘ခံတွင်းထဲသို့ဝင်သောအရာ’ များ မဟုတ်ဘဲ၊ ‘နှလုံးထဲမှထွက်လာသောအရာ’က လူကိုညစ်ညူးစေကြောင်း သခင်ယေရှုမိန့်တော်မူသည် (မ ၁၅:၁၇-၂၀)။ စိတ်နှလုံးထဲမှ အနံ့ဆိုးများက ဖြည်းဖြည်းချင်း အသက်တာ၌ ယိုထွက်လာလိမ့်မည်။ ‘နှလုံးထဲမှထွက်လာသောအရာ’ ဖြစ်သည့် အတွေးဆိုးနှင့် အပြုအမူဆိုးများကို သခင် ဥပမာပေးထားသည်။ အပြင်ပန်း ဘာသာရေးကိုင်းရှိုင်းသည့် အပြုအမူများနှင့် ဓလေ့ထုံးတမ်းများက ၎င်းတို့ကို မသန့်စင်စေနိုင်။ စိတ်နှလုံးကို ပြောင်းလဲပေးရန် ဘုရားသခင်ကို ကျွန်ုပ်တို့လိုအပ်သည်။
မသတီစရာကောင်းနေသည့် စိတ်နှလုံးအတွင်းသို့ သခင့်အား ဝင်ရောက်ခွင့်ပေးပြီး အနံ့ဆိုးထွက်စေသည့်အရာများကို ဖယ်ရှားစေခြင်းဖြင့် အတွင်းမှပြောင်းလဲပေးသော သခင်ယေရှု၏နည်းကို ကျွန်ုပ်တို့လက်တွေ့ကျင့်သုံးနိုင်သည်။ နှလုံးသားမှထွက်သောအရာများကို ခရစ်တော်ဖွင့်ပြခြင်းဖြင့် သခင်သည် ကျွန်ုပ်တို့၏စကား၊ အပြုအမူများကို အလိုတော်နှင့်ညီအောင် ချိန်ညှိပေးမည်ဖြစ်ပြီး ကျွန်ုပ်တို့၏အသက်တာ သင်းရနံ့သည်လည်း သခင့်အား ကျေနပ်စေမည်ဖြစ်သည်။