ကျွန်ုပ်သည် ကော်ဖီကြိုက်သူမဟုတ်သော်လည်း ကော်ဖီစေ့လေးများ၏ရနံ့ တစ်ချက်ရလိုက်ရုံဖြင့် နှစ်သိမ့်မှုနှင့်ဝမ်းနည်းမှု ခံစားချက်နှစ်ခုလုံး ခံစားရသည်။ ကျွန်ုပ်တို့၏ ဆယ်ကျော်သက်သမီးလေး မယ်လီစာသည် သူမ၏အိပ်ခန်းကို သူမစိတ်ကြိုက်ဖန်တီးသောအခါ သူမ၏အိပ်ခန်းကို နွေးထွေးမှုဖြင့် သင်းရနံ့မွှေးပျံ့နေစေရန် ကော်ဖီစေ့လေးများကို ပန်းကန်လုံးထဲတွင် ထည့်ထားခဲ့သည်။

မယ်လီစာသည် အသက် (၁၇) နှစ်တွင် ယာဥ်မတော်တဆ ထိခိုက်မှုဖြင့် သေဆုံးခဲ့သည်မှာ နှစ်နှစ်ဆယ်ကျော် ကြာခဲ့ပါပြီ။ သို့သော် ကျွန်ုပ်တို့၌ ထိုကော်ဖီခွက်လေးရှိနေဆဲပင်။ ၎င်းသည် မယ်လီစာ ကျွန်ုပ်တို့နှင့်အတူရှိခဲ့သည့်အချိန်ကို အစဥ်သတိရစေသည့် သင်းပျံ့သောအမှတ်တရဖြစ်သည်။

သမ္မာကျမ်းစာ၌လည်း မွှေးရနံ့ကို သတိပေးအချက်ပြအဖြစ် အသုံးပြုထား သည်။ ရှောလမုန်သီချင်းတွင် မွှေးရနံ့ကို အမျိုးသားနှင့်အမျိုးသမီး နှစ်ဦးကြား ချစ်ခြင်းလက္ခဏာအဖြစ် ရည်ညွှန်းရေးဖွဲ့ထားသည် (၁:၃၊ ၄:၁၁၊ ၁၆)။ ဟောရှေအနာဂတ္တိကျမ်းတွင် ဣသရေလလူမျိုးတို့အပေါ် ဘုရားသခင်၏ခွင့်လွှတ်ခြင်းသည် “လေဗနုန်တောကဲ့သို့ မွှေးကြိုင်လိမ့်မည်” (၁၄:၆)ဟု ဖော်ပြထားသည်။ ထို့အပြင် မာသ၏ညီမ မာရိသည် ရှင်ယေရှု၏ခြေကိုဆီနှင့်လောင်းခဲ့ပြီး သူတို့မောင်နှမ၏အိမ်တွင် “ထိုဆီ၏အမွှေးသည် တစ်အိမ်လုံးကို နှံ့ပြား၏” (ယော ၁၂:၃)။ ၎င်းသည် သခင်ယေရှု၏ အသေခံခြင်းကို ညွှန်ပြနေသည် (:၇)။

မွှေးရနံ့၏သဘောတရားက မိမိဝန်းကျင်ရှိသူများထံသို့မျှဝေသည့် ကျွန်ုပ်တို့ ၏ယုံကြည်ခြင်းသက်သေကို ကျွန်ုပ်တို့သတိပြုရန် အထောက်အကူပြုသည်။ “ငါတို့သည် ကယ်တင်သောသူတို့၌လည်းကောင်း၊ ဆုံးရှုံးသောသူတို့၌လည်းကောင်း၊ ဘုရားသခင်အား ခရစ်တော်၏အမွှေးအကြိုင်ဖြစ်ကြ၏” (၂ ကော ၂:၁၅) ဟု ရှင်ပေါလုက ရှင်းပြထားသည်။

ကော်ဖီစေ့ရနံ့သည် မယ်လီစာအား သတိရစေသကဲ့သို့ သခင်ယေရှုနှင့် သူ့မေတ္တာကို အခြားသူများလည်းလိုအပ်ကြောင်း သတိပေးသည့် မွှေးရနံ့ကို ကျွန်ုပ်တို့အသက်တာမှ ထုတ်လွတ်ပေးနိုင်ကြပါစေ။