အထက်တန်းကျောင်းသား ဂျက်ခ်၏ အပူအပင်မရှိသောစိတ်ထားနှင့် အားကစားစွမ်းရည်ကို လူတိုင်းသဘောကျကြသည်။ သူသည် လက်တစ်ဘက်၌ စကိတ်ဘုတ်ပြားကိုကိုင်ကာ ကျန်လက်တစ်ဘက်ကို ဟန်ချက်ညီစေရန် လေထဲတွင်ဆန့်ထားကာ စကိတ်ကွင်းပေါ်သို့ခုန်တက်ရသည်ကို အနှစ်သက်ဆုံးဖြစ်သည်။

ဂျက်ခ်သည် မြို့တွင်းအသင်းတော်တစ်ခုသို့ တတ်ရောက်ပြီးနောက်ပိုင်းတွင် ရှင်ယေရှုနောက်တော်သို့ လိုက်လျှောက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်က သူ့မိသားစု၏ရုန်းကန်ရမှုများကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပြီး သူ့နာကျင်မှုများ သက်သာစေရန် မူးယစ်ဆေးသုံးစွဲခဲ့သည်။ သူ့အသက်တာပြောင်းလဲပြီးနောက် သူ့အတွက် အရာရာအဆင်ပြေနေပုံရသည်။ သို့သော် နှစ်အနည်းငယ်အကြာတွင် သူဆေးပြန်သုံးခဲ့သည်။ သင့်လျော်သော ကြားဝင်ဟန့်တားမှုမရှိ၊ စဥ်ဆက်မပြတ်ကုသမှု မခံယူသဖြင့် နောက်ဆုံးဆေးလွန်ကာ သူသေဆုံးသွားခဲ့သည်။

ဒုက္ခအခက်အခဲနှင့် ရင်ဆိုင်ရသောအခါ မိမိပြုနေကျအရာဘက်သို့ လှည့်ပြန်သွားရန် လွယ်ကူလှသည်။ ဣသရေလလူမျိုးတို့သည် အာရှုရိလူတို့ တိုက်ခိုက်လာမည်ကိုသိသောအခါ စိတ်ဓာတ်ကျလျက် သူတို့ကျွန်ခံခဲ့ဘူးသော မှီခိုရာသခင်များဖြစ်သည့် အဲဂုတ္တုလူတို့ထံအကူအညီတောင်းရန် ချဥ်းကပ်ခဲ့ကြသည် (ဟေရှာ ၃၀:၁-၅)။ ဘုရားသခင်က ၎င်းသည် အလွန်ဆိုးသောအမှုဖြစ်မည်ဟု ကြိုတင်မိန့်ကြားထားသော်လည်း ဣသရေလလူမျိုးတို့ ရွေးချယ်မှုမှားခဲ့သောအခါ ကိုယ်တော်ဆက်လက်ဂရုပြုစောင်မခဲ့သည်။ ဟေရှာယက “ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုလိုသောငှာ မျှော်လင့်တော်မူမည်။ ကရုဏာပြလိုသောငှာ ချီးမြှောက်တော်မူခြင်းကို ခံတော်မူမည်” (:၁၈)ဟု ဘုရားသခင်၏စိတ်သဘောကို ပြောကြားခဲ့သည်။

မိမိ၏နာကျင်မှုအတွက် အခြားနေရာမှ သက်သာရာနှင့်မစမှုကို ရှာဖွေရန် ကျွန်ုပ်တို့ရွေးချယ်သော်လည်း ဘုရားသခင်၏စိတ်သဘောမှာ အထက်ပါအတိုင်းဖြစ်သည်။ ကျွန်ုပ်တို့ကို ကိုယ်တော်မစလိုသည်။ ချည်နှောင်ခံရမည့်အမူအကျင့်များဖြင့် မိမိကိုယ်ကို ထိခိုက်စေမည့်အဖြစ်ကို ကိုယ်တော်အလိုမရှိပါ။ အချို့သောအရာများနှင့် အပြုအမူများ အလျင်အမြန် သက်သာရာရစေမည်ဟု ကျွန်ုပ်တို့ကို သွေးဆောင်သော်လည်း ကျွန်ုပ်တို့ ကိုယ်တော်နှင့်နီးကပ်စွာ လျှောက်လှမ်းခြင်းဖြင့် စစ်မှန်သောအနာငြိမ်းခြင်းကိုပေးရန် ဘုရားရှင်အလိုရှိ၏။