ကိုယ့်ကိုယ်ကိုယ်အသိအမှတ်ပြုခြင်း စမ်းသပ်မှု လုပ်ဆောင်နေသော စိတ်ပညာရှင်များက ကလေးများကို “မှန်ထဲကလူ ဘယ်သူလဲ” ဟု မေးမြန်းခဲ့ပါသည်။ (၁၈) လ (သို့) ထိုထက်ငယ်သောအရွယ်တွင် ကလေးများသည် မှန်ထဲမှ မိမိတို့ပုံရိပ်ကိုဆက်စပ်ပြီး မကြည့်တတ်ကြပါ။ သို့သော် ကလေးများ ကြီးပြင်းလာသည်နှင့်အမျှ သူတို့ကိုယ်သူတို့ ကြည့်နေသည်ဟု နားလည်လာကြသည်။ မိမိကိုယ်ကို အသိအမှတ်ပြုခြင်းသည် ကျန်းမာစွာ ကြီးထွားရင့်ကျက်မှုကိုပြသည့် အရေးကြီးသော အမှတ်လက္ခဏာဖြစ်သည်။

သခင်ယေရူ၌ ယုံကြည်သူများ၏ ရင့်ကျက်ကြီးထွားမှုသည် အရေးကြီးသည်။ ရှင်ယာကုပ်က ကြည့်မှန်ဖြင့် အသိအမှတ်ပြု စမ်းသပ်မှုတစ်ခုကို သရုပ်ပြခဲ့သည်။ ထိုမှန်သည် ဘုရားသခင်ထံမှလာသော “သမ္မာတရားစကား” ဖြစ်သည် (ယာ ၁:၁၈)။ ကျွန်ုပ်တို့ သမ္မာကျမ်းစာ ဖတ်သောအခါ မည်သည့်အရာကို မြင်သနည်း။ ချစ်ခြင်းမေတ္တာနှင့် နှိမ့်ချမှုကိုဖော်ပြသောအခါ ကျွန်ုပ်တို့ မိမိကိုယ်ကို ထိုအတိုင်း အသိအမှတ်ပြုပါသလား။ ကျွန်ုပ်တို့ကိုပြုစေလိုသော ဘုရားသခင်၏ အမိန့်တော်ကို ကျမ်းစာ၌ ဖတ်ရှုရသောအခါ မိမိ၏လုပ်ရပ်များကို မြင်မိပါသလား။ မိမိစိတ်နှလုံးကိုကြည့်ပြီး မိမိ၏လုပ်ရပ်များကို စစ်ဆေးသောအခါ ကျွန်ုပ်တို့၏ လုပ်ရပ်များက ဘုရား၏အလိုတော်နှင့် ကိုက်ညီမှုရှိမရှိ၊ နောင်တရပြီး ပြောင်းလဲရန် လိုမလိုကို သိမှတ်နိုင်အောင် သမ္မာကျမ်းက ကျွန်ုပ်တို့ကို ကူညီပေးနိုင်ပါသည်။

ရှင်ယာကုပ်က သမ္မာကျမ်းစာကိုဖတ်ရှုပြီး မိမိသိနားလည်ခဲ့သည့်အရာကို မေ့ပစ်ကျောခိုင်းကာ ကိုယ့်ကိုယ်ကိုယ်လှည့်စားခြင်း မပြုရန် သတိပေးထားသည် (:၂၂)။ ဘုရားသခင်၏အကြံအစည်အတိုင်း အမြော်အမြင်ရှိစွာ အသက်ရှင်နေထိုင်တတ်ရန် သမ္မာကျမ်းစာက ဖော်ပြထားသည်။ သမ္မာကျမ်းစာကို ဖတ်ရှု၊ ဆင်ခြင်နှလုံးသွင်း၊ ကြေညက်စွာ စေ့စေ့လေ့လာသည်တွင် မိမိ၏စိတ်နှလုံးကို မြင်စေရန်နှင့် လိုအပ်သောပြောင်းလဲမှုအတွက် ခွန်အားပေးရန် ကိုယ်တော်ထံ ကျွန်ုပ်တို့ တောင်းဆိုနိုင်ပါသည်။