ဖြစ်ရပ်မှန်ဖြစ်သည့် သိုးထိန်းခွေးမျိုးနှင့် စပ်ထားသော ‘Bobbie the Wonder Dog’ (အံ့ဖွယ်ခွေး ဘော်ဘီ)သည် အိမ်မှ မိုင် (၂၂၀၀) ကျော် ဝေးကွာသောအရပ် နွေရာသီအားလပ်ရက်ခရီးတွင် မိသားစုနှင့်အတူနေရှိစဉ် မိသားစုနှင့်ကွဲပြီး ပျောက်သွားသည်။ မိသားစုမှ သူတို့အလွန်ချစ်သော အိမ်မွေးခွေးကို နေရာအနှံ့ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့သဖြင့် သူမပါဘဲ စိတ်မကောင်းခြင်းများစွာဖြင့် အိမ်ပြန်ခဲ့ကြရသည်။
(၆) လကြာပြီးနောက် ဆောင်းကုန်ခါနီးတွင် ပိန်ချုံးစုပ်ဖွာနေပြီး ဇွဲကောင်းသော ဘော်ဘီသည် အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်၊ ဆေလ်ဗာတန်မြို့ရှိ အိမ်တံခါးဝတွင် ပေါ်လာခဲ့သည်။ မြစ်၊ သဲကန္တာရနှင့် နှင်းဖုံးတောင်များ၊ အန္တရာယ်များသော ခရီးရှည်ကိုနှင်လျက် သူ့ချစ်သူများထံ အိမ်ပြန်လမ်းကို ဘော်ဘီရှာတွေ့ခဲ့သည်။
ဘော်ဘီ၏ မဆုတ်မနစ်ခရီးစဥ်အကြောင်းကို ရေးသားစာအုပ်ထုတ်ကြပြီး ရုပ်ရှင်ရိုက်ကာ ၎င်း၏မွေးရပ်မြေ၌ နံရံဆေးရေးပန်းချီဖြင့် သရုပ်ဖော်ရေးဆွဲကြသည်။ သူ၏သံယောဇဉ်က ရင်ကိုထိစေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ နှလုံးသားတွင် ပို၍လေးနက်သောတောင့်တမှုကို ထည့်ထားပေးခြင်းကြောင့် ရင်ကိုထိခြင်း ဖြစ်နိုင်သည်။ “ဘုရားရှင်သည် ကျွန်ုပ်တို့အား သူ့အတွက်ဖန်ဆင်းထား၍ ကိုယ်တော်၌ မခိုလှုံမချင်း ကျွန်ုပ်တို့၏စိတ်နှလုံးသည် မငြိမ်ဝပ်နိုင်” ဟု ရှေးခေတ်ဓမ္မပညာရှင် Augustine (အော်ဂက်စတင်း)က ဖော်ပြခဲ့သည်။ ရန်သူအလိုက်ခံရပြီး ယုဒတော၌ ပုန်းနေရစဉ် မျှော်လင့်ချက်မဲ့လည်း ဤသို့တောင့်တမှုမျိုးကို ဒါဝိဒ်သည် ဆုတောင်းချက်တွင် ထိမိစွာ ဖော်ကျူးခဲ့သည်။ “အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်(၍) ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိ သွေ့ခြောက်သောလွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကိုငတ်ပါ၏။ အကျွန်ုပ်၏ကိုယ်ခန္ဓာသည်လည်း ကိုယ်တော်ကို လွမ်းဆွတ်ပါ၏” (ဆာ ၆၃:၁)။
“ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့်” (:၃) ဘုရားရှင်ကို ဒါဝိဒ်ချီးမွမ်းခဲ့သည်။ ကိုယ်တော်ကိုသိကျွမ်းခြင်းသည် ဘာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်ပါ။ တစ်ချိန်က ဘုရားနှင့် မည်မျှပင်ဝေးနေပါစေ၊ သခင်ယေရူအားဖြင့် ဘုရားရှင်သည် ကျွန်ုပ်တို့ကို ရှာဖွေခဲ့ပြီး သူ၏ပြီးပြည့်စုံသောမေတ္တာရပ်ဝန်းသို့ အိမ်ပြန်လမ်းကို ပြင်ဆင်ပေးထားသည်။ ကိုယ်တော်ထံ လှည့်ပြန်လာသောအခါ၊ ကျွန်ုပ်တို့၏နှလုံးသားတည်ရာ အိမ်အစစ်အမှန်ကို တွေ့ရှိမည်ဖြစ်သည်။