ကျွန်မအမေ ဆုံးသွားပြီးနောက် သူမ၏အဖော် ကင်ဆာလူနာချင်းတစ်ဉီးက ကျွန်မထံလာပြီး “အစ်မအမေက ကျွန်မကိုသိပ်ကြင်နာတာပဲ။ ကျွန်မအစား သူသေသွားတာ အရမ်းဝမ်းနည်းတယ်” ဟု ရှိုက်ကြီးတငင် ငိုကြွေးပြီး ပြောခဲ့သည်။
“အစ်မအမေက ညီမကိုချစ်တယ်။ ညီမရဲ့သားတွေကြီးပြင်းလာတာကို ညီမ မြင်တွေ့ခွင့်ရဖို့ ဘုရားသခင်ဆီမှာ အစ်မတို့အတူ ဆုတောင်းပေးခဲ့တယ်”ဟု ကျွန်မ ပြောပြီး၊ သူ့လက်ကိုဆုပ်ကိုင်ရင်း သူမနှင့်အတူငိုကြွေးကာ၊ သူမသည် ငြိမ်ဝပ်လျက် ပူဆွေးရန် မစမည့်အကြောင်း ကျွန်မဆုတောင်းပေးခဲ့သည်။ လတ်တလောတွင် သူမ၏ဝေဒနာသက်သာလာပြီး သူမခင်ပွန်းနှင့် ကြီးပြင်းလာမည့်ကလေးနှစ်ဉီးကို ဆက်ချစ်ခွင့်ရသည့်အတွက် ဘုရားရှင်အား ကျေးဇူးတင်ပါသည်။
ယောဘသည် သားသမီးများအပါအဝင် အရာအားလုံး ဆုံးရှုံးလိုက်ရခြင်းကြောင့် သူ့ပူဆွေးသောက၏နက်နဲမှုကို သမ္မာကျမ်းမှဖော်ပြထားသည်။ ယောဘသည် ပူဆွေးမှုဖြင့် “မြေပေါ်မှာဝပ်လျက် ကိုးကွယ်”သည် (ယောဘ ၁:၂၀)။ ဝမ်းနည်းကြေကွဲမှု၊ မျှော်လင့်ခြင်းကိုပြသည့် ဝန်ခံအပ်နှံမှု၊ ကျေးဇူးသိတတ်မှုဖြင့် “ထာဝရ ဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်း” (:၂၁)ဟု သူအလေးအနက်ပြောခဲ့သည်။ သူ၏ဝမ်းနည်းပူဆွေးမှုနှင့် သူ့အသက်တာကို ဘုရားသခင်ပြန်လည် တည်ဆောက်ပေးသည့် အချိန်တစ်လျှောက်လုံးတွင် အပြင်းအထန် ရုန်းကန်နေရသော်လည်း ကောင်းသောဆိုးသော အခြေအနေအပေါ် ဘုရားသခင်၏အခွင့် အာဏာတည်မှုကို ထိုအခိုက်အတန့်တွင် သူလက်ခံပြီး ဝမ်းမြောက်ခဲ့သည်။
ဘုရားသခင်သည် စိတ်ခံစားချက်နှင့်ပတ်သက်၍ ကျွန်မတို့လုပ်တတ်သည့် နည်းလမ်းများစွာနှင့် ရုန်းကန်ရမှုကို နားလည်သည်။ အရိုးခံစိတ်နှင့်၊ ခံနိုင်ရည်မဲ့လျှင် မဲ့သည့်အတိုင်း ဝမ်းနည်းပူဆွေးရန် ကျွန်မတို့ကို ကိုယ်တော်ဖိတ်ခေါ်သည်။ ပူပင်သောကများက အတောမသတ်နိုင်၊ မခံနိုင်လောက်အောင် ဖြစ်နေသည့်တိုင် သူသည် ပြောင်းလဲခြင်းမရှိ၊ ပြောင်းလဲမည် မဟုတ်ကြောင်း အခိုင်အမာဆိုလျက်၊ဤကတိစကားအားဖြင့် ကျွန်မတို့အား နှစ်သိမ့်မှုပေးပြီး သူ၏တည်ရှိခြင်းအတွက် ကျေးဇူးတင်တတ်ရန် ကျွန်မတို့ကို ဘုရားရှင်ခွန်အားပေးပါသည်။