အမေရိကန်နိုင်ငံ၊ ကမ်းဇက်စ်ပြည်နယ်၊ Neodesha (နီယိုဒက်ရှာ) မြို့ငယ်လေး၌ ရုတ်တရက်ဆင့်ခေါ်သည့် ကျောင်းစည်းဝေးပွဲသို့ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား အယောက် (၃၀၀) တို့ တန်းစီဝင်လာသည်။ ထို့နောက် ဇနီးမောင်နှံနှစ်ဦးသည် စေတနာစိတ်နှင့် မြို့ရှိ ကျောင်းသားတိုင်းအတွက် နောင် (၂၅) နှစ်တိုင် ကောလိပ်ကျောင်းစရိတ် ထောက်ပံ့ပေးရန် ဆုံးဖြတ်ထားကြောင်း ကြားရသောအခါ သူတို့မယုံနိုင်ဖြစ်ပြီး ကျောင်းသားများ အလွန်အံ့အားသင့်ကာ ပျော်ရွှင်လျက် မျက်ရည်လည်ခဲ့ကြသည်။

နီယိုဒက်ရှာမြို့တွင် စီးပွားရေး အတော်ကျဆင်းခဲ့ခြင်းကြောင့် မိသားစုများစွာတို့သည် ကောလိပ်ကျောင်းလခအတွက် စိုးရိမ်ပူပန်ခဲ့ကြသည်။ ဤလက်ဆောင်သည် ဘဝအလှည့်ပြောင်းတစ်ခုဖြစ်ပြီး လှူဒါန်းသူများကလည်း လက်ရှိမိသားစုများအတွက် အကျိုးရှိစေရေးနှင့် အခြားသူများ နီယိုဒက်ရှာသို့ ပြောင်းရွှေ့လာရေးတို့ကို မျှော်လင့်ခဲ့ကြသည်။ သူတို့၏ရက်ရောမှုသည် အလုပ်အကိုင်သစ်ဖန်တီးပေးခြင်းနှင့် သက်ဝင်ရှင်သန်လာခြင်းစသည့် မြို့လေး၏လုံးဝကွဲပြားသောအနာဂတ် ဖြစ်ပေါ်လာရေးကို မျှော်မှန်းခဲ့ကြသည်။

လူမျိုးတော်တို့သည် မိမိတို့ကိုယ်တိုင်၏လိုအပ်မှုကိုသာ တောင့်တခြင်းမျိုး မဟုတ်ဘဲ၊ ရုန်းကန်နေရသည့် ကိုယ်နှင့်စပ်ဆိုင်သူများ၏ အနာဂတ်သစ်အတွက်လည်း တွေးပေးတတ်သည့် ရက်ရောသူများဖြစ်ရန် ဘုရားသခင်အလိုရှိခဲ့သည်။ ဘုရား၏လမ်းညွှန်ချက်များသည် ရှင်းလင်းသည်။ “သင်၏အမျိုးသားချင်းသည် ဆင်းရဲ၍ လက်အားလျော့သဖြင့် တစ်ပါးအမျိုးသား ဧည့်သည်အာဂန္တုကဲ့သို့ဖြစ်လျှင် သင့်ထံမှာနေစေခြင်းငှာ သူ့ကိုမစရမည်” (ဝတ် ၂၅:၃၅) ဟု ဘုရားရှင်မိန့်မှာ သည်။ ရက်ရောခြင်းဆိုသည်မှာ ကာယပိုင်းဆိုင်ရာ အခြေခံလိုအပ်မှုတို့ကိုသာ ဖြည့်ဆည်းခြင်းမဟုတ်ဘဲ အသိုင်းဝိုင်းတစ်ခု၌ ရှိသင့်သည့် အခြားသူများ၏ အနာဂတ်ဘဝကိုပါ စဉ်းစားပေးခြင်းဖြစ်သည်။

အနက်ရှိုင်းဆုံးသောပေးကမ်းခြင်းသည် ကွဲပြားခြားနားသည့်အနာဂတ်ကို ပြန်လည်မျှော်မှန်းခြင်းပင်ဖြစ်သည်။ ဘုရားသခင်၏ ကြီးမားဆန်းသစ်သည့်ရက်ရောမှုက တစ်လုံးတစ်ဝတည်း ကြွယ်ဝပြည့်စုံသည့် နေ့ရက်အနာဂတ်သို့ ကျွန်ုပ်တို့အားလုံး အတူဦးတည်လှမ်းသွားနိုင်ရန် အားပေးနေတော့သည်။