စတီဖန်သည် အလားအလာကောင်းသော လူရွှင်တော်ဖြစ်ပြီး အသုံးအဖြုန်းလည်းကြီးသည်။ သူသည် ခရစ်ယာန်မိသားစုတွင် ကြီးပြင်းခဲ့ပြီး၊ သူ့အဖေနှင့်အစ်ကို နှစ်ဦးမှာ လေယာဉ်ပျက်ကျပြီး ဆုံးပါးသွားသည့်နောက် သူ့စိတ်၌ သံသယများခိုဝင်ခဲ့သည်။ အသက် (၂၀) အစောပိုင်း၌ သူ့ယုံကြည်ခြင်း ပျက်ပြားခဲ့သည်။ သို့သော် တစ်ညတွင် အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့၏ အေးစက်သောလမ်းများပေါ်တွင် ယုံကြည်ခြင်းကို ပြန်လည်တွေ့ရှိခဲ့သည်။ သူစိမ်းတစ်ဦးက သူ့အား အိတ်ဆောင် ဓမ္မသစ်ကျမ်းစာအုပ်ကိုပေးခဲ့ပြီး စတီဖန်သည် စာရွက်များကို လှန်လှောကြည့်ရာ ရှင်မဿဲခရစ်ဝင် ၆:၂၇-၃၄ ကို ဖတ်ရှုသင့်ကြောင်း အညွှန်းတွင် ဖော်ပြထားသည်။

စတီဖန်သည် ထိုကျမ်းချက်ကို လှန်ဖတ်ရာ၊ နှုတ်ထွက်စကားတော်များသည် သူ၏နှလုံးသား၌ တောက်လောင်လာသည်။ “ချက်ချင်းပဲ ကျွန်တော့်မျက်နှာ လင်းလက်သွားတယ်။ အအေးထဲ လမ်းထောင့်လေးမှာ ကျွန်တော်ရပ်ပြီး အဲ့ဒီဒေသနာကိုဖတ်နေခဲ့တာ။ ကျွန်တော့်ဘဝက အရင်လို မဟုတ်တော့ဘူး။ လုံးဝပြောင်းလဲသွားတယ်”ဟု သူပြန်ပြောင်းပြောခဲ့သည်။

၎င်းသည် နှုတ်ကပတ်တော်၏တန်ခိုးပင်။ သမ္မာကျမ်းစာသည် အသက်ရှင်သည့်အတွက် အခြားစာအုပ်များနှင့်မတူပေ။ ကျမ်းစာကို ကျွန်ုပ်တို့သာမန် ဖတ်ရှုခြင်း မဟုတ်ပါ။ ကျမ်းစာက ကျွန်ုပ်တို့ကိုလည်း ဖတ်နေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် “သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံ သည်ဖြစ်၍ အသက်နှင့်စိတ်ဝိညာဉ်ကို … ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံး အကြံအစည်များကိုလည်း သိမြင်တတ်၏” (ဟေဗြဲ ၄:၁၂)။

နှုတ်ပတ်တော်သည် လောကတွင် အကြီးမားဆုံးသောအင်အားကို ကိုယ်စားပြုသည်။ ထိုအားမှာ ကျွန်တော်တို့၏ဝိညာဉ်ရေးရာ ရင့်ကျက်လာစေရန် လမ်းပြပြုပြင် ပို့ဆောင်ပေးသောအားဖြစ်သည်။ ကျမ်းစာကိုဖွင့်လျက် အသံထွက်ဖတ်ရွတ် ရင်း ကျွန်ုပ်တို့၏စိတ်နှလုံးများ တောက်လောင်စေရန် ဘုရားရှင်ထံတောင်းလျှောက်ပါ။ ဘုရားသခင်မိန့်မှာခဲ့သော ကတိတော်မှာ “ထိုအတူ ငါ၏နှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်” (ဟေရှာ ၅၅:၁၁)။ ကျွန်ုပ်တို့၏အသက်တာ သည် ဒုံရင်းဒုံရင်းမဟုတ်ဘဲ တစ်မူထူးခြားသွားလိမ့်မည်။