အချိန်တစ်နှစ်ကျော်ကြာသည့်တိုင် သူ၏တရားဝင်နာမည်မှာ “ဘေဘီဘွိုင်း”ဖြစ်ခဲ့ သည်။ ဆေးရုံ၏ကားရပ်နားသည့် နေရာတစ်ခုတွင် ကလေးငိုသံကို ကြားသွားသော လုံခြုံရေးအစောင့်တစ်ဦးက သူ့ကိုရှာဖွေတွေ့ရှိခဲ့ပြီး ဘေဘီဘွိုင်းသည် နာရီပိုင်းအရွယ်သာရှိသေးသော၊ အိတ်တစ်လုံးနှင့် ထုပ်ပိုးစွန့်ပစ်ထားခြင်းခံခဲ့ရသူ ဖြစ်သည်။
သူ့ကိုတွေ့ရှိပြီး မကြာမီမှာပင် လူမှုကူညီရေးအဖွဲ့များက တစ်ချိန်ချိန်တွင် သူ့အတွက် အမြဲတမ်းမိသားစုဖြစ်လာမည့်သူများကို ဆက်သွယ်ခဲ့သည်။ လင်မယား နှစ်ဦးသည် သူ့ကို ခေါ်ယူမွေးစားပြီး ဂရေဆန် (အမည်ရင်းမဟုတ်) ဟုမှည့်ခေါ်ခဲ့ကြသည်။ နောက်ဆုံးတွင် မွေးစားခြင်းအမှု ပြီးမြောက်သွားပြီး ဂရေဆန်၏အမည်သည်လည်း တရားဝင်ဖြစ်လာခဲ့သည်။ ယနေ့တွင် စကားပြောဆိုရာတွင် စိတ်အားထက်သန်စွာ ပြောချင်နေသောကြောင့် အသံထွက်မပီကလာလေး ပြောနေသည့် ချစ်စဖွယ်ကလေးတစ်ဦးကို သင်တွေ့နိုင်သည်။ ထိုကလေးသည် တစ်ချိန်က အိတ်တစ်လုံးနှင့်စွန့်ပစ်ခံရသူဟု သင်မည်သို့မျှ ခန့်မှန်းမိမည်မဟုတ်ပေ။
မောရှေသည် သူ့ဘဝနှောင်းပိုင်းတွင် ဘုရားသခင်၏ ထူးခြားသောလက္ခဏာနှင့် ဣသရေလလူမျိုးများအတွက် ကိုယ်တော်ပြုပေးခဲ့သည့် အရာများကို ပြန်လည်ဆင်ခြင်သုံးသပ်လျက် “ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကို ချစ်ခင်မြတ်နိုး (သည် )” ဟူ၍ မောရှေမိန့်ကြားခဲ့သည် (တရား ၁၀:၁၅)။ ထိုအချစ်က ကျယ်ပြန့်လှသည်။ “မိဘမရှိသောသူငယ်၊ မုဆိုးမဘက်၌ တရားစီရင်၍၊ ဧည့်သည်အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ်အစားတို့ကို ပေးသနားသောဘုရား ဖြစ်တော်မူ၏” (:၁၈)။ “ထာဝရဘုရားသည် သင်၏ဂုဏ်အသရေ၊ သင်၏ဘုရားသခင် ဖြစ်တော်မူ၏” (:၂၁) ဟု မောရှေဆိုသည်။
မွေးစားခြင်းဖြင့်ဖြစ်စေ၊ မေတ္တာနှင့်အစေခံခြင်းဖြင့်ဖြစ်စေ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ကို တန်ပြန်မျှဝေရန် စေစားခြင်းခံရသည်။ လူအများက သတိမပြု အရေးမထားသည့် သူတစ်ဦးအပေါ် ဘုရားသခင်က သူ၏ချစ်ခြင်းမေတ္တာကို ပြသရန် ဤချစ်စရာဇနီးမောင်နှံကို အသုံးပြုလိုက်သောအခါ သူတို့သည် ဘုရားသခင်၏ခြေလက်များ ဖြစ်သွားသည်။ ကျွန်ုပ်တို့လည်း ဘုရားသခင်၏ ခြေလက်များအဖြစ် အစေခံနိုင်ပါသည်။